သတင်း

လိုင်ဇာမြို့တွင်း ရက်လွန် ကုန်ပစ္စည်းများကို ဖျက်ဆီး

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ ဈေးဆိုင်များတွင် ရောင်းချနေသည့် ရက်လွန် စားသောက်ကုန်များ ၊ အလှကုန်နှင့် ဆေးဝါးများကို မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၈ ရက်နေ့မှစတင်ပြီး ၂၈ ရက်နေ့အထိ လိုင်ဇာမြို့ရှိ စားသောက်ဆိုင် ၊ ဈေးဆိုင် ၊ ဆေးဆိုင် နှင့် အလှကုန်အရောင်းဆိုင်များတွင် စစ်ဆေး သိမ်းဆည်းခဲ့ပြီးနောက် ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့က မီးရှို့ဖျက်စီးခဲ့ကြောင်း လိုင်ဇာ သန့်ရှင်းမှုနှင့် ကျန်းမာရေး ကော်မတီမှ သိရသည်။

“ကျနော်တို့ မနေ့က ဒိတ်ကုန်နေတဲ့ စားသောက်ကုန်တွေကို မီးရှုံ့တယ်။ ၁၈ ရက်နေ့က လိုက်စစ်တယ်။ ပြည်သူတွေ ဝယ်ယူ စားသောက်တဲ့နေရာမှာ ကျန်းမာရေးကို မထိခိုက်စေဖို့နဲ့ ဈေးရောင်းတဲ့သူတွေ ဒိတ်လွန် တွေ မရောင်းဖို့ ပညာပေးတာ လုပ်ဆောင်နေတယ်။ တစ်ချို့စားသောက်ကုန်နဲ့ ဆေးဝါးတွေက တရုတ်စာတွေ ဆိုတော့ တရုတ်လိုလည်း ပြန်စစ်တယ်။ ဒိတ်လွန်တာ အကုန်စစ်သိမ်းပြီး မီးရှုံ့လိုက်တယ်။” ဟု KIO လိုင်ဇာ သန့်ရှင်းမှုနှင့်ကျန်းမာရေး ကော်မတီ မှ တာဝန်ခံ ဦးချမ်းဘောမ်က KNG ကို ပြောသည်

ဖျက်စီးခဲ့သည့် ပစ္စည်းများတန်ဖိုးငွေမှာ မြန်မာကျပ် ၃,၂၄၁,၀၀၀ နှင့် တရုတ် ယွမ် ၆၆၆၄ ရှိကြောင်း သိရသည်။

ဆေးဆိုင်များတွင် ရက်လွန်မဟုတ်သော်လည်း ကျန်းမာရေး ဆရာဝန်များ၏ ညွန်ကြားချက်ဖြင့်သာ ရောင်းချသင့်သည့် ဆေးဝါးများကို သိမ်းဆည်းခဲ့ကြောင်း ဆက်ပြောသည်။

“ဆရာဝန်တွေပဲ ထုတ်ပေးနိုင်တဲ့ ဆေးဝါးတွေရောင်းတာတွေ့ရင် သိမ်းတယ် ပညာပေးတယ်။ ကျနော်တို့ ဗဟိုကျန်းမာရေးဌာနက ဆရာဝန် ၃ ယောက်ကို အကူညီတောင်းပြီး အဖွဲ့ ၃ ဖွဲ့ခွဲပြီး နေရာအနှံ့ လိုက်လံစစ်ဆေးတာဖြစ်တယ်။ ဆေးအရက်တွေကိုလည်း ဖမ်းတယ်။” ဟု KIO လိုင်ဇာသန့်ရှင်းမှုနှင့် ကျန်းမာရေးကော်မတီ မှ တာဝန်ခံ ဦးချမ်းဘောမ်က ဆက်ဆိုထား သည်။

လွန်ခဲ့သည့် ဧပြီလ ၁၂ ရက်-၁၃ ရက်နေ့တွင်လည်း မိုင်ဆပ်ပါ စစ်ဆေးရေး ဂိတ်ဘက်မှ လိုင်ဇာဘက်သို့ သယ်ယူလာသည့် ဆေးအရက် (ခေါ်) အရက်ဖြူများကိုလည်း ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

လိုင်ဇာမြို့သည် ၂၀၂၁ ခုနှစ် တစ်နှစ်ပတ်လုံး ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လာသောကြောင့် Lockdown ချမှတ်ထားသည့်အတွက် ယခုနှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီ လလယ်မှ စ၍ ဈေးဆိုင်များ ပြန်လည်ရောင်းချခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button