သတင်း

ထီးချိုင့် မြို့မ ရဲစခန်းအနီး နေထိုင်သူများကို အမြန်ရွေ့ပြောင်းရန် စစ်ကောင်စီတပ် သတိပေး

စစ်ကိုင်းတိုင်း ထီးချိုင့် မြို့မ ရဲစခန်းအနီး‌ နေထိုင်သည့်ပြည်သူများအနေဖြင့် ၆ ရက်အတွင်း ပြောင်းရွေ့ပေးရန် စစ်ကောင်စီလက်အောက်ခံ ထီးချိုင့်မြို့မရဲစခန်းမှ သတိပေးထားကြောင်း ဒေသခံပြည်သူများထံမှသိရသည်။

ထီးချိုင့်မြို့မရဲစခန်းအနီးရှိ သရက်မှော်ရပ်ကွက်၊ ရွာသစ်ကုန်းရပ်ကွက်နှင့် လူနေအိမ်များကို ၆ ရက်အတွင်း အပြီးပြောင်းရွေ့ကြရန် ထီးချိုင့် မြို့မရဲစခန်း မှ ဧပြီ ၃၀ ရက်နေ့တွင် သတိပေးလာသောကြောင့် ပြည်သူအချို့ စတင်ပြောင်းရွေ့နေကြပြီဟု ထီးချိုင့်မြို့နေပြည်သူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“ဒီလ ၅ ရက်နေ့ နောက်ဆုံးထားပြီးတော့မှ ရဲစခန်းပတ်ချာလည် အနီးတဝိုက်က လူတွေကို ပြောင်းရွေ့ခိုင်းတာဗျ ရဲတွေက လာပြောတာပါ။ ပြည်သူတွေကလည်း ရွေ့ကြတယ်။ တချို့တော်တော်များများလည်း ရွေ့နေကြပြီဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ထီးချိုင့်မြို့မရဲစခန်းသည် ယခင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့ဖူးပြီး ယင်းဖြစ်စဉ်‌ကြောင့် ပြောင်းရွေ့ခိုင်းခြင်း ဖြစ်နိုင်သည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“အဲ့ဒီ ရဲစခန်းက လွန်ခဲ့တဲ့အချိန်က တစ်ခါပစ်ခတ်ခံရတာရှိခဲ့တယ်ဗျ။ အဲ့ဒါကြောင့် သူတို့ရဲစခန်းကို ဒီတစ်ခါလာပစ်လို့ ရှိရင် သူတို့ကပြန်ပစ်ရင် မှန်မှာ ဆိုးလို့တဲ့။ အဲ့ကြောင့် ရှောင်နေကြဖို့လာပြောတာတဲ့” ဟု ၎င်းကပြောသည်။

လတ်တလော ပြည်သူအချို့မှာ နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေကြသော်လည်း ဆွေမျိုး မရှိသူများမှာ အခက်အခဲအမျိုးမျိုးကြောင့် ပြောင်းရွေ့ဖို့ ခက်ခဲနေကြောင်း သိရသည်။

အဆိုပါ ထီးချိုင့်မြို့မရဲစခန်းသည် လွန်ခဲ့သည့် ငါးလခန့်က ၄၀ မမ နှစ်လုံးဖြင့်တစ်ကြိမ်ပစ်ခတ်ခဲ့ဖူးပြီး ယင်းဖြစ်စဉ်တွင် ရဲကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး ရဲတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ယခုကဲ့သို့ ပြောင်းရွေ့ခိုင်းထားခြင်း ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button