စစ်ပြေးဒုက္ခသည်များသတင်း

ကွတ်ခိုင် ကချင်စစ်ရှောင်များ နေရာအသစ်သို့ ပြောင်းရွေ့ရန် အကူညီလိုအပ်နေ

ကွတ်ခိုင် ဘုရားကျောင်းဝင်းမှာ ကာလကြာ ခိုလှုံခဲ့ရတဲ့ ကချင်စစ်ရှောင်တွေဟာ အခက်အခဲရှိလာတဲ့အတွက် နေရာအသစ်ကို ပြောင်းရွေ့ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း နေရာသစ်ကို ပြောင်းရွှေ့ဖို့ရာမှာ ကုန်ကျစားရိတ် များပြားမှာ ဖြစ်လို့ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

သူတို့အတွက် နေရာပြောင်းရွေ့ဖို့ ဘယ်အဖွဲ့အစည်းကမှ သီးသန့် နေရာချထားပေးတာမျိုး မရှိတဲ့အပြင် လိုအပ်နေတဲ့ငွေပမာဏဟာ အလွန်များပြားတဲ့အတွက်ကြောင့် အခုလိုကူညီထောက်ပံ့မှု လိုအပ်နေတာဖြစ်တယ်လို့ ကွတ်ခိုင် စစ်ရှောင်စခန်း ၁ မှ စစ်ရှောင်ပြည်သူတစ်ဦး KNG သတင်းဌာန ကို ပြောပါတယ်။

ဒီစစ်ရှောင်စခန်းအနား၊ ကွတ်ခိုင်မြို့နားမှာပဲ ပြောင်းရွေ့နေထိုင်ဖို့ ပြင်ဆင်နေတာဖြစ်တယ်။ ကျွန်တော်တို့က နှစ်ပေါင်း (၁၀) နှစ်ရှိလာပြီဖြစ်တဲ့အတွက် အခက်အခဲဒုက္ခတွေလည်း များလာတယ်။ ဒါကြောင့် ပြောင်းရွေ့နေထိုင်မယ်ဆိုပေမယ့် ပြောင်းရွေ့ဖို့ခက်နေတယ်။ မြေယာဖိုး ပိုက်ဆံမပေးနိုင်တဲ့အတွက်ကြောင့် အခက်အခဲတွေရှိနေတယ်။ ကျွန်တော်တို့ ဒီဇွန်လ ၂၀ ရက်လောက်မှာ ပိုက်ဆံလိုနေတယ်။

မြေနေရာအသစ်မှာ ပြောင်းရွေ့နေထိုင်ဖို့ တစ်အိမ်ထောင်မှာ ငွေကျပ် (၂၅) သိန်းစီ ပေးရမှာ ဖြစ်ပြီး၊ လာမည့် ဇွန်လမှာ စခန်းအတွက် စုစုပေါင်း  ကျပ်သိန်း (၇၀၀) ကျော်လိုအပ်နေတာလည်း ဖြစ်ပါတယ်။

စစ်ရှောင် အိမ်ထောင်စု စုစုပေါင်း (၄၀) ကျော်ရှိပြီး၊ လူဦးရေ (၂၀၀) ကျော်ရှိပါတယ်။

‘’ဘုရားကျောင်းဝင်းမှာ တစ်ခြားအစီအစဥ်တွေ လုပ်စရာရှိတာတွေလည်းရှိ၊ ပြီးတော့ ကျွန်တော်တို့လည်း ကြာပြီလေ၊ ပြောင်း‌ရွေ့တယ်ဆိုပေမယ့် ကျွန်တော်တို့ နေရပ်ကိုမပြန်နိုင်သေးဘူးလေ။ နေရပ်ပြန်ဖို့ကလည်း လုံခြုံမှုက ရှိမနေပြန်၊ ပြီးတော့ ကျွန်တော်တို့ ဆုံးရှုံးသွားတာတွေ အများကြီးဖြစ်တဲ့အတွက်ကြောင့် ပြန်လည်ထူထောင်ဖို့ အရမ်းခက်သွားတယ်။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် အသက်ကြီးတဲ့ မိဘတွေ၊ အဖိုးအဖွားတွေ၊ ကလေးငယ်တွေများတော့  တစ်ခါတည်း နေရပ်ပြန်ဖို့က အရမ်းခက်သွားတယ်။ ဒါကြောင့်မို့ ဒီနေရာနားမှာပဲ ပြောင်းရွေ့နေထိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်။ အဲဒီနေရာမှာ ပြောင်းရွေ့နေထိုင်ပြီးမှပဲ ကျွန်တော်တို့ နေရပ်ပြန်ဖို့ ပြန်ပြီးပြင်ဆင်ရမှာ ဖြစ်တယ်။ ဒဲဒီအတွက်ကြောင့် အခုလောလောဆယ်မှာတော့ အဲဒီမြေနေရာဖိုးအတွက် အရမ်းစိတ်ညစ်နေရတယ်’’ ဟု စစ်ရှောင်တစ်ဦးက ဆက်ပြောပါတယ်။

ဒီစစ်ရှောင်တွေကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် NLD အစိုးရက မြေနေရာအသစ်မှာ နေအိမ်တွေအထိ ဆောက်လုပ်ပေးဖို့ စီစဉ်ခဲ့ပေမယ့် အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့် အစီစဉ်တွေ ပျက်ပြယ်သွားတယ်လို့ သိရပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်း စစ်ရှောင်စခန်း စုစုပေါင်း (၁၀) ခု ဝန်းကျင်ခန့်ရှိသည့်အထဲက အခုစစ်ရှောင်တွေက ကေဘီစီ စစ်ရှောင်စခန်း (၁)က ဖြစ်ပါတယ်။

အခု စစ်ရှောင်များသည် လွန်ခဲ့သော ၂၀၁၂ ခုနှစ်တွင် စစ်ကောင်စီ နဲ့ ကေအိုင်အေတို့ကြား ရှမ်းမြောက်တခွင် တိုက်ပွဲတွေကြောင့် နားခရိန်၊ နောင်းပါ၊ ဂလောင်း၊ နမ်းမား ကျေးရွာတွေကနေ အများစု ထွက်ပြေးလာကြတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button