ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

ပါဝင်သင့်သူအားလုံး မပါသဖြင့် စစ်ကောင်စီ၏ ဆွေးနွေးပွဲ မတက်နိုင်ကြောင်း KIO ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ချက်ကို ပါဝင်မည် မဟုတ်သေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီ က ယနေ့ သဘောထား ထုတ်ပြန်လိုက်သည်။

ယခု တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်သင့်သော အဖွဲ့အစည်းများအားလုံးကို ဖိတ်ကြားမှုမရှိခြင်းနှင့် အပြုသဘောဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်သွားမည်သာဟု ကမ်းလှမ်းချက်တွင် ပါရှိသောကြောင့် တက်ရောက်မည် မဟုတ်ကြောင်း ကချင်လွတ်လပ်အဖွဲ့ KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“အခုသူတို့ဘက်က ကမ်းလှမ်းချက်က ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ဘဲပါတယ်။ နောက်တစ်ခုက အပစ်ခတ်ရပ်စဲဆိုပြီး ပါရှိတယ်။ ဒီအပစ်ခတ်ရပ်စဲရေးက နိုင်ငံရေးဆွေးနွေးပွဲ မဟုတ်ဘူး။ လက်နက်ချဖို့ တိုက်သွန်းတဲ့ဘက်ကို ဦးတည်လာနိုင်တယ်။ ဒီလိုမျိုးက လက်မခံနိုင်ဘူး။ အဲ့ကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြသနာက နိုင်ငံရေးနဲ့ဘဲ အဖြေရှာရမယ်ဖြစ်တယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သူတွေအားလုံးပါဝင်ရမယ်ဖြစ်တယ်။ ဒီအချက်တွေပြည့်စုံမှသာ တက်ရောက်နိုင်မယ်ဖြစ်တယ်” ဟု ပြောဆိုထားသည်။

KIO/KIA သည် တရားမျှတပြီး မှန်ကန်သော ဆွေးနွေးပွဲကိုသာ လက်ခံတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ ပြည်သူရွေးကောက်တင်မြှောက်ထားသည့် နိုင်ငံရေးအဖွဲ့ဝင်များနှင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်တော်လှန်နေသော ပြည်သူများ၏ တောင်ဆိုချက်များကိုသာ ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသူက ဆက်ဆိုထားသည်။

ယနေ့ ထုတ်ပြန်ချက်တွင် အချက် ၅ ချက်ပါဝင်ပြီး နံပါတ် ၄ အချက်တွင် ‘ပါဝင်သင့်သူအားလုံးကို ဖိတ်ခေါ်ခြင်းမရှိကြောင်း တွေ့ရှိခြင်း၊ နိုင်ငံ၏ အရေးအရာများကို ဆွေးနွေးအဖြေရှာမည်ဟူသော သဘောထားမပါရှိသည်ကိုတွေ့ရှိရပါသည်’ဟု အဓိက ဖော်ပြထားသည်။

ထို့ကြောင့် နိုင်ငံ၏ အရေးအရာများကို တန်းတူဆွေးနွေးနိုင်မည့် အချိန်အခါ အခင်းအကျင်းရောက်မှသာ ပါဝင်ဆွေးနွေးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယနေ့ KIO ၏ ထုတ်ပြန်ချက်ကို ပြည်သူအများစုလည်း ထောက်ခံကြပြီး အာဏာရှင်အဆုံးသတ်ရေး ပိုမိုအားကောင်း လာတော့မည်ဟု လူမှုကွန်ရက်စာမျက်ပေါ်တွင် ရေးသားဖော်ပြနေသည်ကို တွေ့ရပါသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို သူကိုယ်တိုင် တွေ့ဆုံသွားမည်ဖြစ်ပြီး တက်ရောက်မည့်အဖွဲ့များမှ တစ်ဖွဲ့လျှင် ၂ ဦးစီဖြင့် မေလ ၉ ရက်နေ့ နောက်ဆုံး အကြောင်းကြားပေးရန် ပြီးခဲ့သည့် ဧပြီလတွင် စစ်တပ်ပိုင် ရုပ်မြင်သံကြားမှတဆင့် ပြောဆိုခဲ့သည်။

Show More

Related Articles

Back to top button