သတင်း

ခင်ဦးတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၍ ၁၉ ဦးသေဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သား ၁၉ ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း Khin U spupport Organization -KSO မှ သိရသည်။

စစ်ကောင်စီ တပ်သား အင်အား ၃၀ ခန့်သည် ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် ရွာသစ်ကုန်း လမ်းဘက်မှ ထွက်လာပြီး ရေဦး -ရွှေဘို လမ်းဆုံနေရာတွင် စစ်ဆေးရေးပြုလုပ်ရန် စစ်ကြောင်းချီတက်လာစဥ် အင်းပတ်ကွေ့အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခံ လိုက်ရပြီး စစ်ကောင်စီတပ်သား ၁၉ ဦးသေဆုံးကာ ၅ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Khin U spupport Organization -KSO မှ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။

“သူတို့က လမ်းဆုံနေရာမှာ စစ်ဆေးရေး လုပ်ဖို့လာတာ လာတာကိုမှ မိုင်းကွင်းဖော်ထားတဲ့နေရာမှာရောက်တော့ ရဲဘော်တွေက သွားပြီးတော့မှ မိုင်းဆွဲလိုက်တာ သိပ်မကြာလိုက်ဘူး Skatကားနှစ်စီးလာပြီး ရေဦးဘက်ကိုပြန်သယ်သွားတယ်”ဟု ၎င်းက ပြောသည်။

မိုင်းဆွဲ တိုက်ခိုက်ရာတွင် ပဒေသာမိုင်း ခြောက်လုံးကို သုံးကြိမ်ခွဲအထိ ဆက်တိုက်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရပြီး စစ်ကောင်စီဘက်က ယမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြန်လည်ပစ်ခတ်ခြင်းမပြုပဲ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

လတ်တလော ခင်ဦးမြို့ နှင့် သုံးမိုင်ခန့်အကွာတွင် တည်ရှိသည့်ကျေးရွာများတွင် စစ်ကောင်စီတပ် အကြမ်းဖက်လာမည်ကို စိုးရိမ်သောကြောင့် ဒေသခံများ ကြိုတင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ခင်ဦးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား ထိတွေ့တိုက်ပွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုပေါင်း အကြိမ် ၁၂၀ ခန့်ရှိပြီဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှု ရာဂဏန်း ရှိပြီဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button