သတင်း

မီတာကြေး မပေးလျှင် မီတာဘောက်ပြန်သိမ်းခြင်းနှင့် တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဟု EPC ခြိမ်းခြောက်

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ပြည်သူများ မီတာခ မပေးဆောင်ပါက လျှပ်စစ်မီး ဖြတ်တောက်ခြင်း၊ မီတာဘောက် ပြန်သိမ်းမည့်အပြင် တရားစွဲဆိုသည်အထိ ပြုလုပ်သွားမည်ဟု မိုးမောက် မြို့နယ်လျှပ်စစ်ရုံးက စာဖြင့် ခြိမ်းခြောက်ထားကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ခြိမ်းခြောက်စာများကို မိုးမောက်မြို့ပေါ် ကြေးနန်းရပ်ကွက်၊ နမ်ဘုံရပ်ကွက်နှင့် အလင်းကောင်ရပ်ကွက်များရှိ မီတာခမဆောင်သည့် နေအိမ်များတွင် မေလ ၉ ရက်နေ့မှစတင်ကာ EPC လျှပ်စစ်ဝန်ထမ်းများက လာပေးခဲ့ခြင်းဖြစ်သည်။

စာထဲတွင် မေလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၇ ရက်အတွင်း မီတာခ မဆောင်ပေးလာပါက မီးဖြတ်ခြင်း မီတာဘောက်ပြန်သိမ်းခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ဤသို့လုပ်ဆောင်ပြီး လာမဆောင်သေးပါက တရားစွဲဆိုသည်အထိ ပြုလုပ်သွားမည်ဟု ပါရှိကြောင်း မိုးမောက်မြို့ ကြေးနန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“အခုက ၂၀၂၁ တစ်လပိုင်းကနေစပြီးမှ ဒီလေးလပိုင်းအထိ အကုန်လုံးစာ မဆောင်တဲ့ဟာတွေအကုန်လုံး ကို A4 စာရွက်နဲ့ တောင်းတယ်ဗျ။ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာလက်မှတ်ထိုးပြီးမှ လာပို့လာတယ်။ မဆောင်ရင် မီတာပြန်သိမ်းမယ်ပေါ့။ ကျနော်တို့ကတော့ အခြေနေကြည့်အူးမယ်။ စဉ်းစားအူးမယ် ဆောင် ရင်လည်းဆောင်မယ် မဆောင်ရင်လည်းမဆောင်ဘူး” ဟု အမည်မဖော်လိုသည့် ကြေးနန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

အိမ်ခြေ နှစ်ထောင်ကျော်ရှိသည့် မိုးမောက်မြို့တွင် ထက်ဝက်ကျော်ခန့်မှာ စစ်ကောင်စီကို အခွန်မပေးဆောင်လိုမှု နှင့် တချို့က ယခင် NLD အစိုးရလက်ထက် ကိုဗစ်ကာလတွင် သတ်မှတ်ခဲ့သည့် မီတာခ ၃၀၀၀ အောက်ကျလျှင် အခွန်ကင်း လွတ်ခွင့်ပေးခဲ့မှုကြောင့် မီတာမဆောင်ကြခြင်းဖြစ်ကြောင်း မိုးမောက်မြို့နေပြည်သူများထံမှ စုံစမ်းသိရှိရသည်။

“ကျွန်တော်တို့ကတော့ မနှစ်ကတစ်လပိုင်းကတည်းကနေမထည့်ခဲ့ဘူး။ တစ်လပိုင်းကနေကျတော့ အရင်တုန်းက အစိုးရက ကျနော့်အိမ်မှာက မီတာခနည်းတယ် တစ်လမှ တစ်ထောင်ကျော်လောက်ပဲကျတာ အဲ့တာဆို လို့ရှိ အရင် အစိုးရက ကင်းလွတ်ခွင့်ပေးထားတယ်လေ။ နောက်သုံးထောင်အောက်ဆိုရင် အဲ့ကနေမဆောင်တာ အခုက အဲ့ဒါတွေကောအကုန် ပြန်တောင်းနေတာ” ဟု မိုးမောက်မြို့နေအမျိုးသားတစ်ဦးက ပြောသည်။

EPC ၏ ခြိမ်းခြောက်စာကြောင့် လတ်တလော မိုးမောက်မြို့ပေါ်ပြည်သူအချို့ ရက်ပိုင်း မီတာကြေး ပြန်ပေးဆောင်နေကြောင်း သိရသည်။

မိုးမောက် ရပ်ကွက် ၄ ခုအနက် ခါနန်ရပ်ကွက်မှ ပြည်သူအများစု မီတာမဆောင်ကြသော်လည်း ယင်းခြိမ်းခြောက် စာလာပေးသည့် အိမ်မရှိသေးကြောင်းလည်း သိရသည်။

“တချို့ရပ်ကွက်တွေမှာပဲပေးတာ ကျွန်တော်တို့ရပ်ကွက်မှာတော့လာမပေးဘူး။ ဒီဘက်မှာက တောဘက်က အဖွဲ့တွေ ရှိထားလို့လေ။ အဲ့ကြောင့် ခါနန်ဘက်မှာတော့ မရောက်ဘူး” ဟု ခါနန်ရပ်ကွက်နေလူငယ်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

ဗန်းမော်မြို့တွင်လည်း လွန်ခဲ့သည့် လ အတန်ကြာက ယခုမိုးမောက်ဖြစ်စဉ်လို ရှိခဲ့ဖူးသော်လည်း EPC က ခြိမ်းခြောက်စာအတိုင်း လက်တွေ့ မီးဖြတ်တောက်ခြင်း မီတာဘောက်သိမ်းဆည်းခြင်း မရှိခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button