တိုက်ပွဲသတင်း

တရုတ် နယ်စပ်ဝင်ပေါက်မှ ဝင်လာသူများကို Quarantine အဖြစ် ၅ ရက်သာထားရှိ

မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တည်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှတဆင့် ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို Quarantine အဖြစ် ၅ ရက်သာထားကြောင်း သိရသည်။

ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေး ဂိတ်မှ ဝင်ရောက်လာသူများကို ကန်ပိုက်တည်မြို့ရှိ Quarantine အဆောင်နဲ့ မြစ်ကြီးနားမြို့ပေါ်ရှိ တက္ကသိုလ်၊ ကောလိပ်ဆောင်များတွင် ထားရှိပြီး လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ဝင်လာသူများကို လွယ်ဂျယ်မြို့နဲ့ ဗန်းမော် မြို့ရှိ Quarantine ဆောင်များတွင် ၅ ရက်ထားရှိလျက်ရှိကြောင်း သိရသည်။

“ပြည်တော်ပြန်တွေကတော့ ပုံမှန်လိုမျိုးဝင်ရောက်နေတာရှိပါတယ်။ ဒီကန်ပိုက်တည် ဂိတ်ကနေ ဝင်လာတဲ့သူဆိုရင် ဒီကန်ပိုက်တည်မှာပဲ Quarantine ထားတာရှိတယ်။ ဒီမှာ လူမဆံ့တော့ရင်တော့ ဝင်လာတဲ့သူတွေများလာရင်တော့ တချို့မြစ်ကြီးနားမှာ ပို့တယ် အဲ့မှာပဲဝင်ရတာ ငါးရက်ပြည့်မှ သက်ဆိုင်ရာနေရာအသီးသီးကိုပြန်လွတ်ပေးတာ” ဟု ကန်ပိုက်တည်နယ်စပ် ကုန်သွယ်ရေးဂိတ်မှ ပြည်တော်ပြန်များကို ဆောင်ရွက်ပေးနေသည့် လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ကိုဗစ် ပထမလိုင်းတွင် ကန်ပိုင်တီဂိတ်မှ ဝင်ရောက်လာသူများကို Quarantine ၁၄ရက် ထားရှိခဲ့ပြီး၊ ကိုဗစ်ဒုတိယလိုင်းနောက်ပိုင်းတွင် Quarantine ၇ ရက်သာ ထားရှိခဲ့ရာ ယခုကိုဗစ်တတိယလိုင်းနောက်ပိုင်းတွင် စစ်ကောင်စီက Quarantine ၅ ရက် အဖြစ်ပြောင်းလဲသတ်မှတ်လိုက်သည်။

သတ်မှတ် ကွာရန်တင်းနေရာတွင်နေရမည့်သူများမှာ ကချင်ပြည်နယ်ပြင်ပ ဇာတိ များသာဖြစ်ပြီး ကချင်ပြည်နယ် ဒေသခံများကိုမူ Home Quarantine အဖြစ်လည်း နေထိုင်ခွင့်ပြုထားသည်ဟု သိရသည်။

“ဒီပြည်နယ်တွင်းက လူတွေဆိုရင်တော့ မြစ်ကြီးနားမှာ အသိတွေ အမျိုးတွေရှိရင်တော့ နေအိမ်တွေမှာပဲ လည်း Quarantine ဝင်ခိုင်းတယ် မြစ်ကြီးနားမှာအသိဆွေမျိုးမရှိတဲ့လူတွေတော့ Quarantine ဆောင်မှာ ဝင်ရတယ်” ဟု လွန်ခဲ့သည့်လက တရုတ်ပြည်မှ ပြန်လာသည့် မန်ခိန်ရပ်ကွက်နေအမျိုးသား တစ်ဦးကပြောသည်။

ယမန်နေ့ မတ်လ ၁၂ ရက်နေ့တွင် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးတွင် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ဝင်ရောက်လာသည့် ပြည်တော်ပြန် ၅၀ ကျော်အထိရှိခဲ့ပြီး ကန်ပိုက်တည်ဂိတ်မှ ဝင်ရောက်လာသူ မရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်ဒုတိယလိုင်းနှင့် တတိယလိုင်းတွင် လွယ်ဂျယ်နဲ့ ကန်ပိုက်တည် နယ်စပ်ဂိတ်ပေါက်များတွင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ပြည်သူ စုစုပေါင်း ၂၄၀၀၀ ကျော်အထိရှိပြီဖြစ်ပြီး ယင်းအနက် ကချင်ပြည်နယ်အတွင်းမှ အများဆုံးဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button