ကျင်စန်းကျော့ဂိတ်သစ်ကနေ ကြံသီးသန့်စတင် တင်ပို့

မူဆယ်၊ ကျင်စန်းကျော့ ဂိတ်သစ် မှ ကြံများကို မေလ ၁၅ ရက်နေ့ကစပြီး တင်ပို့နေပြီဖြစ်ကြောင်း ကြံလုပ်ငန်း ကုန်သည်များထံ မှ သိရသည်။
“မြန်မာပြည်ဘက်က ကြံကားတွေကို ကရိန်းကားနဲ့ ချိတ်ပြီး တရုတ်ဘက် ကားပေါ်တင်ပို့ ရတာပါ။ မနေ့က၇ စီးဝင်တယ်။ ကျင်စန်းကျော့ နောက်တပေါက်ကနေ” ဟု မြန်မာ လုပ်ငန်းရှင် တဦးက ပြောသည်။
တစ်ရက်လျှင် ကြံအစီး ၅၀ ထိ တင်ပို့နိုင်အောင် ကြိုးစားသွားမှာဖြစ်ပြီး ယခုလ တရုတ်ဘက်က ကြံတွေကို နောက်ဆုံးအနေနဲ့ လက်ခံမှာဖြစ်သောကြောင့် နယ်ခြားစည်းရိုးဖျက်ပြီး ဂိတ်ပေါက် အသစ်ဖွင့်ကာ လမ်းများညှိ၊ ကရိန်းများ အထိုင်ချခြင်းများ ပြုလုပ်ကာ အမြန်ဆုံး စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
“ကြံတန်ချိန် ၂ သိန်းနီးပါး တင်ပို့ဖို့ ရှိတယ်။ ကား တစီးကို ၂၅ တန်တင်နိုင်တယ်။ တရက်ကိုကားဘယ်နှစီး ဝင်နိုင်မလဲ မသိဘူး ၁၅ ရက်လောက်ပဲရှိတော့တာ ” ဟု မြန်မာ ကုန်သည် တဦးကလည်း ရှင်း ပြသည်။
လက်ရှိတွင် မူဆယ်ခရိုင်အတွင်းရှိ နယ်စပ်ဂိတ်ပေါက်ဖြစ်တဲ့ ကျင်စန်းကျော့ ဂိတ်သစ် အပါအဝင် မုံးကိုး-မန်းဟိုင်းဂိတ်၊ ဖောင်းဆိုင် ရေပူစမ်းမှတဆင့် ရှောက်ဝ်ဂိုင်းသို့ မြန်မာဘက်မှ ကြံများကို တင်ပို့နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၁ ကြံရာသီတွင် ကျင်စန်းကျော့မှ ကြံတင်ပို့ခဲ့ ခြင်းမရှိပဲ ကြူကုတ် (ပန်ဆိုင်း)-ဝမ်တိန်ဂိတ်မှ တင်ပို့ခဲ့ပြီး မူဆယ်မြို့နယ်က ကြံအချို့နဲ့ နမ့်ခမ်း၊ မန့်ဝိန်းကြီး တို့ဘက်မှ ကြံများကို မန့်ဝိန်း-ကျယ်ဂေါင်ဂိတ်ပေါက်ကို တရုတ်ဘက်က ကိုဗစ်ရောဂါ အကြောင်းပြချက်နဲ့ ရုတ်တရက် ပိတ်လိုက်သောကြောင့် ကြံတန်ချိန် သောင်းချီ စွန့်ပစ်ခဲ့ရသည်။
Bum Shep