သတင်း

ကုန်ပစ္စည်းတင်ပို့မှု ကန့်သတ်ချက်များကြောင့် ဆော့လော်မြို့နယ်တွင် ကုန်စျေးနှုန်းမြင့်တက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှ ဆော့လော်မြို့နယ်သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသောကြောင့် ကုန်စျေးနူန်းများ အဆမတန် မြင့်တက်နေသည်ဟု သိရသည်။

လက်ရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသည့်အပြင် ကုန်ပစ္စည်းတင်ပို့ရာတွင် စစ်ကောင်စီအောက် နယ်လုံလက်မှတ် မပါပါက ဂိတ်ကြေး ၃ သိန်းဝန်းကျငအထိ ပေးဆောင်ရသည်ဟု အမည်မဖော်လိုသူ ကုန်ပစ္စည်း တင်ပို့သူ က ပြောသည်။

“ကန့်သတ်မှုတွေကတော့ နယ်လုံလက်မှတ် (နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနလက်မှတ်) ပါမှ သယ်လို့ရတယ်။ သူတို့ သတ်မှတ် ပေးသလောက်ပေါ့ တစ်ခေါက်နဲ့ တစ်ခေါက်သတ်မှတ်ပေးတဲ့ ပမာဏလည်း မတူဘူး။ အဲ့လက်မှတ် မပါလို့ကတော့ သုံးသိန်းဝန်းကျင်လောက် ဂိတ်ကြေးပေးရတယ်” ဟု ကုန်ပစ္စည်းတင်ပို့နေသည့် အမည်မဖော်လိုသူ ကားသမားတစ်ဦးက ဆိုသည်။

ဆော့လော်မြို့သည် ကိုဗစ် မဖြစ်ခင်ကာလများက ဆန်နှင့် အခြားကုန်ပစ္စည်းများကို တရုတ်ပြည်မှတဆင့် အဓိက ဝယ်ယူ စားသုံးခဲ့ကြသည်။ နောက်ပိုင်းတွင် ကိုဗစ်ရောဂါကြောင့် တရုတ်ပြည်အစိုးရက နယ်စပ်ဂိတ်များ ပိတ်ခဲ့သောကြောင့် ကုန်စည်များသယ်ယူခွင့်မရတဲ့အခြေနေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

ဆော့လော်မြို့သို့ ကုန်ပစ္စည်းတင်ပို့ရန် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ စစ်ကောင်စီ ထိန်းချုပ်ရာဂိတ်အသီးသီးမှ ဖြတ်သန်းကာ သွားရသည်ဟု သိရသည်။

ဆော့လော်မြို့တွင် ဆန်တစ်တင်းခွဲ တစ်အိတ်လျှင် ခြောက်သောင်း မှ ၇သောင်းကြား၊ ဆားတစ်အိတ်လျှင် ၂ သောင်းမှ ၂ သောင်းခွဲကြား၊ စားသောက်ကုန် ခေါက်ဆွဲခြောက်တစ်ဖာလျှင် တစ်သောင်းခွဲအထိ ပေးနေရသည်ဟု ဒေသခံများထံမှ သိရသည်။

အခုလိုကုန်စျးနူန်းများ မြင့်တက်နေသောကြောင့် ဆော့လော် ဒေသခံပြည်သူများအနေဖြင့် စားဝတ်နေရေး အခက်အခဲများစွာ ကြုံနေရကြောင်း နီးစပ်သည့် အမည်မဖော်လိုသူတစ်ဦးက ယခုလို ပြောပြသည်။

“ဆော့လော်ရဲ့အခြေနေက အရင် ပွင့်ပွင့်လင်းလင်းသွားလာလို့ကောင်းတဲ့ အချိန်တောင်မှ စားဝတ်နေရေးကခက်ခဲတာ ဒီမှာက စပါးကလည်းစိုက်လို့မရတဲ့အခါကျတော့ ဆန်ကလည်း မြန်မာပြည်ဘက်ကသယ်ရတာ။ လမ်းခရီးကြမ်းတော့ စားဝတ်နေရေးအတွက်ပြည်သူတစ်ယောက်ချင်းဆီအတွက် အခက်အခဲတွေရှိတယ်”လို့ ဆိုပါတယ်။

ဖီမော်၊ ကန်ဖန်ဂိတ်၊ ရှိန်းခေါင် နယ်စပ်ဂိတ်များ၏တစ်ဖက် တရုတ်နိုင်ငံရှိ တရားဝင်နယ်စပ်ဂိတ်များကို ကိုဗစ်ရောဂါကြောင့် တရုတ်အစိုးရမှ ပိတ်လိုက်တာကြောင့် အခုလိုဆန်နှင့်အခြားကုန်ပစ္စည်းစျေးနှုန်းများ အခုလိုမြှင့်တက်လာရတာဖြစ်သည်ဟု သူကဆက်ပြောသည်။

တရုတ်အစိုးသည် တရုတ်နိုင်ငံရှိ တရားဝင်နယ်စပ်ဂိတ်များကို ၂၀၂၀ ခုနစ် အစောပိုင်းပိုင်းကတည်းက ပိတ်ထားခဲ့ပြီး ယခုဆိုလျှင် ၂ နှစ်ကျော်ကြာမြင့်နေပြီလည်း ဖြစ်သည်။

Show More

Related Articles

Back to top button