သတင်း

ဆွမ်ပရာဘွမ်လမ်းမကြီးတစ်လျောက် ကျေးရွာအပြင်မထွက်ရန် ဒေသခံများကို စစ်ကောင်စီတပ် ညွန်ကြားထား

ပူတာအိုသို့ ဦးတည်တက်လာသော အင်အား ရာချီပါဝင်သော စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းမည့် ဆွမ်ပရာဘွမ် လမ်းမကြီးတစ်လျောက် ကျေးရွာများကို ရွာအပြင်မထွက်ရန် စစ်ကောင်စီတပ်များညွန်ကြားထားသဖြင့် ဒေသခံများ ခက်ခဲမှု ကြုံတွေ့နေရကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ဆွမ်ပရာဘွမ့်မြို့နယ် ကျေးရွာ ၄ခုခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်းမှ ၂ မိုင်ခန့်ဝေးသော နေရာဘက်သို့ သွားလာခြင်း မပြုလုပ်ကြရန် တားမြစ်ထားသောကြောင့် စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“ရွာကနေ ၂ မိုင်လောက်ဝေးတဲ့ ဘယ်ဘက်ကိုမှ မသွားကြဖို့ ပြောထားတယ်။ အပြင်မထွက်ဘဲ ရွာထဲမှာနေတာ ၁ပတ်လောက် တောင်ရှိလာပြီ။ ပြဿနာက အခုချိန်မှာက တောင်ယာလုပ်ငန်းတွေ လုပ်နေကြတဲ့အချိန်ဖြစ်တယ်။ သူ့ရာသီအလိုက် စိုက်ပျိုးတဲ့ အချိန်မှာ အချိန်မှီလုပ်ရမှာ ဖြစ်တယ်။ အချိန်က ဘယ်လောက်ထိ ကြာသွားမယ်ဆိုတာလည်း မသိရဘူး။ ကျနော်တို့ဘက်မှာက တောင်ယာလုပ်ငန်းတွေနဲ့ဘဲ အသက်မွေးကြရတယ်။ ဒီနှစ် သေချာ မလုပ်လိုက်ဘူးဆိုရင် နောက်နှစ် အစားအသောက် ခက်ခဲလာဖို့ဘဲရှိတယ်” ဟု ပြောဆိုသည်။

ယခုလို စစ်ကောင်စီဘက်မှ သွားလာရေးပိတ်ဆို့ထားမှုကြောင့် ရွာအပြင် ၃ မိုင်ခန့်သွားလာ လုပ်ကိုင်ရသော တောင်ယာလုပ်သော ဒေသခံများအတွက် ပိုမို ခက်ခဲနေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်မှ သွားလာခွင့်ပိတ်ထားသည့် ကျေးရွာများသည် ခဂရန်၊ မိုင်ထောင်း၊ တရူးနှင့် ဆွပ်ခါးစသော ကျေးရွာများ ဖြစ်ကြပြီး ကျေးရွာအသီးသီး၏ အုပ်ချုပ်ရေးမှူးအဖွဲ့မှတဆင့် လိုက်လံသတိပေးပြောဆိုထားကြောင်းသိရသည်။

မြစ်ကြီးနားမှ ပူတာအိုဘက်သို့ ဦးတည်ကာ တက်လာသည့် စစ်ကောင်စီတပ် စစ်ရိက္ခာသယ်ယဉ်တန်းအဖွဲ့သည် ယနေ့ ၁နာရီဝန်းကျင်ခန့်တွင် ဆွမ်ပရာဘွမ့်မြို့နယ် ခဂရန်းကျေးရွာ အတွင်းသို့ စတင်ဝင်ရောက်နေရာချထားပြီး ခဂရန်းကျေးရွာ မရောက်မှီ ၁၀ မိုင်ခန့်ဝေးသော ဒရူ (Daru Hka)မှ ထွက်ခွာလာခဲ့ကြောင်းသိရသည်။

“စစ်သားတွေကြီးဘဲ လမ်းလျှောက်ပြီး ရွာအထဲကို ဝင်လာ စစ်သားတွေ ၃၀၀ ကျော်လောက်ရှိတယ်။ အခုက ရွာအတွင်း အပြင်တွေမှာ၊ စျေးဆိုင်အနီးတွင်မှာ ရှိနေကြတယ်။ တစ်ချို့တောင်မရောက်ကြတဲ့သေးဘူးလို့ပြောကြတယ်။ ဒီညဘဲ ဆက်သွားမလား သေချာတော့မသိရဘူး။ ဒီနေ့ သူတို့ ဝင်လာတဲ့အချိန်မှာ သေနတ်သံတွေကြားရတယ်။ တိုက်ပွဲဖြစ်ကြတာလား။ ဒါမှမဟုတ် သူတို့ဘဲ ကြောက်လို့ပစ်တာလား။ သေချာတော့မသိရဘူး”ဟု ခဂရန်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုထားသည်။

ယနေ့ စစ်ကောင်စီယာဉ်တန်း ခဂရန်ယန်ကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန်တွင် ဒေသခံပြည်သူများအနေဖြင့် လက်နက်ကြီး လက်နက်ငယ်သံများ ကျေးရွာ အတွင်းမှ ပစ်ခတ်သံများကြားရသော်လည်း တိုက်ပွဲဖြစ်ပွားခြင်းရှိမရှိ အသေးစိတ်သိရှိနိုင်ခြင်း မရှိသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ရမ်းသမ်းပစ်ခတ်မှုလည်းဖြစ်နိုင်သည်ဟု ဒေသခံတစ်ချို့ သုံးသပ်ပြောဆိုထားပါသည်။

ထို့နောက် မေလ ၁၅ရက် ယမန်နေ့ ၁၂နာရီဝန်းကျင်ခန့်တွင် ပူတာအိုဘက်ကို တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ရိက္ခာတင်ယာဉ်တန်းကို လုံခြုံရေးနေရာယူထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ကဝါးပန်ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်မှ သိရသည်။

ပြီးခဲ့သောရက်အတွင်း မြစ်ကြီးနားဘက်မှ တက်လာသော စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးအတွက် ပူတာအိုမြို့နှင့် ဆွမ်ပရာဘွမ့်မြို့ဘက်မှ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်က ခဂရန်းယန် ကျေးရွာအတွင်းရှိသည့် စာသင်ကြောင်းနှင့် ပြည်သူပိုင်နေရာများတွင် လာရောက်တပ်စွဲနေထိုင်လျက်ရှိနေကြောင်းလည်းသိရပါသည်။

လက်ရှိပူတာအိုဘက်သို့ စစ်ရိက္ခာသယ်ပို့ရန် စစ်အင်အား ၃၀၀ ဝန်းကျင်နှင့် စစ်ရိက္ခာသယ် ယာဉ်တန်း ၅၀ စီးခန့် သည် မေလ ၁၁ ရက်နေ့ မြစ်ကြီးနား ဘက်မှတက်သွားခဲ့သော စစ်ယာဉ်တန်းအဖွဲ့ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၂နှစ်ခန့်အကြာမှ ယခုလို စစ်ရိက္ခာ သယ်ပို့မှု လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button