သတင်း

တန့်ဆည် မှ အိမ်ခြေ ၇၀၀ ကျော်ကို စစ်ကောင်စီတပ်က တစ်ချိန်တည်းမီးရှို့

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်အတွင်းရှိ အိမ်ခြေ ၇၀၀ ကျော်ကို စစ်ကောင်စီတပ်က တစ်ချိန်တည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ငါးထောင်ကျော် မီးဘေးသင့်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ် အင်အား ၂၅၀ ကျော်သည် မေလ ၂၀ ရက်နေ့ က တန့်ဆည်မြို့နယ်ရှိ စိမ်းစားကျေးရွာ၊ ဖန်းခါးဇင် ကျေးရွာနှင့် ချောင်းရိုး ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး လူနေအိမ် စုစုပေါင်း ၇၀၀ ကျော် မီးရှိုခဲ့သည်ဟု တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။

“ပြည်သူတွေကတော့ ပြေးနေရတယ်ဗျ စစ်သားတွေကမနေ့တုန်းကရောက်လာတာ ဖန်းခါးဇင်ရွာကို မနက်ပိုင်းမှာ စရှို့တာ အဲ့ကနေထွက်သွားပြီး စိမ်းစားနဲ့ချောင်းရိုးရွာကို ရှို့တယ်။ ရွာသုံးရွာတော့ ပြာကျသွားပါပြီ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက စိမ်းစားကျေးရွာမှ နေအိမ် ၆၅လုံး၊ ဖန်းခါးဇင် ကျေးရွာမှ လူနေအိမ် ၂၀၀ နှင့် ချောင်းရိုးကျေးရွာမှ အိမ်ခြေ ၅၀၀ တို့ကို မီးတင်ရှို့ခဲ့သောကြောင့် လတ်တလော ကျေးရွာသုံးရွာမှ ပြည်သူ ၅၀၀၀ ကျော် မီးဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။

“ပြည်သူတွေက စစ်သားတွေလာပြီဆိုတာနဲ့ ပြေးတဲ့လူကပြေးကြတာ။ အိမ်တွေပါသွားတာဆိုတော့ အခက်အခဲကတော့ ဘယ်လိုပြောရမလဲတောင် မသိတော့ပါဘူး။ ဘာမှလည်းမရလိုက် မကျန်လိုက်ဘူး အားလုံးကတော့ ခက်ခဲနေကြတယ် အစားအသောက်နေရာထိုင်ခင်းပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းတွင်လည်း တန့်ဆည် မြို့နယ်နှင့် မင်းကင်းမြို့နယ်စပ်တွင် ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းသိရပြီး ပြည်သူဘက်က ထိခိုက်မှုရှိမရှိ အတည်မပြုနိုင်သေးပေ။။

Data For Myanmar ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ဇန်နဝါရီလ မှ မေလ ၁ရက်နေ့အထိ တစ်နိုင်ငံလုံး အိမ်ခြေ ၁၁၄၁၇ အိမ် မီးရှို့ခံရသည့်အနက် စစ်ကိုင်းတိုင်းမှ အိမ်ခြေပေါင်း ၇၀၀၀ ပါဝင်ကြောင်း သိရသည်။

Show More

Related Articles

Back to top button