သတင်း

ဗန်းမော်မြို့ မီတာဘောက် အလုံး ၇၀ ကျော်ဖြုတ်သိမ်းခံရ၊ ငွေကြေးပေးဆောင်မှ ပြန်တပ်ဆင်ပေးမည်ဟု စစ်ကောင်စီဘက်ကပြောဆို

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် နေအိမ်သုံး မီတာဘောက် အလုံး ၇၀ ကျော် ဖြုတ်သိမ်းခံလိုက်ရပြီး မီတာခ ပေးဆောင်မှ ပြန်လည် တပ်ဆင်ပေးမည်ဟု ဗန်းမော် EPC ၊ ရဲ နှင့် စစ်သားများက ပြောဆိုနေကြောင်း စုံစမ်းသိရှိရသည်။

ဗန်းမော် EPC သည် စစ်ကောင်စီ စစ်သားနှင့် ရဲများဖြင့် ပူးပေါင်းကာ မတ် ၁၆ ရက်နေ့မှ စတင်ပြီး ဗန်းမော်မြို့ပေါ် ရပ်ကွက်များရှိ မီတာမဆောင်သည့် နေအိမ်များကို လက်နက်အင်အားအပြည့်အစုံဖြင့် တစ်အိမ်ဝင် တစ်အိမ်ထွက် မီတာခများလိုက်လံ ကောက်ခံခဲ့ရာ မီတာ မဆောင်သည့် ရပ်ကွက် သုံးခုမှ မီတာဘောက် အလုံး ၇၀ ကျော်ဖြုတ်သိမ်းထားကြောင်း ဗန်းမော်မြို့ အမည်မဖော်လိုသည့် အမျိုးသား တစ်ဦး က KNG သတင်းဌာနသို့ ပြောသည်။

“လက်ပံတန်းမှာ က အလုံး ၅၀ လောက်ဖြုတ်သွားတယ် ခွန်တာရပ်ကွက်မှာလည်း ၁၀ လုံးကျော်ဖြုတ်သွားတယ်။ ပြီးတော့ ဟိုတစ်နေ့တုန်းက ကျတော့ အရှေ့သာစည်မှာ ဆယ်လုံးကျော်ဖြုတ်သွားတယ်။ သူတို့က ဘယ်လိုပုံစံလာ ဖြုတ်သလဲဆိုတော့ EPC ရုံးက လျှပ်စစ် ဝန်ထမ်း ဆယ်ယောက်ကျော်နဲ့ ရဲစစ်သားတွေအများကြီးနဲ့လာဖြုတ်တာ အခုလောလောဆယ်တော့ ပြန်လည်း မဖြုတ်တော့ဘူး တပ်လည်း မတပ်ပေးသေးဘူး။ တကယ်လို့ မီတာ ပြန်လာဆောင်ရင်တော့ ပြန်တပ်ပေးမယ်ပြောတယ်” ဟု ယင်း အမျိုးသား က ပြောသည်။

ဗန်းမော်မြို့ ပြည်သူ အများစုသည် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ နှစ်ဆန်းပိုင်းမှ စတင်ကာ မီတာကြေး မဆောင်ခဲ့ကြောင်း သိရသည်။ လက်ရှိ လျှပ်စစ်ရုံးမှ ကောက်ခံနေသော ပမာဏ မှာ ထိုစဉ်ကတည်းက ယနေ့ ချိန်ထိ တစ်နှစ်ကျော်ကြာ ဖြစ်သောကြောင့် ပြည်သူအများစုမှာ မပေးဆောင်နိုင်ကြ ကြောင်း ဒေသခံတစ်ဦးက KNG သတင်း ဌာန သို့ ပြောသည်။

“တချို့ကတော့ တခါတည်းဆောင်ပေးလိုက်တော့ မဖြုတ်သွားဘူး ဒါပေမယ့် တချို့က စုစုပေါင်းဆိုရင်မတတ်နိုင် ကြဘူး လူတွေက မထည့်နိုင်ကတော့ချက်ချင်းဖြုတ်သွားတာ ရွာကလူတွေဆိုရင်ပိုဆိုးတာပေါ့။ မီတာခကတော့ သူတို့သုံးခဲ့တဲ့ပေါ်မှာ မူတည်ပြီး အနည်းဆုံး နှစ်သိန်း သုံးသိန်းလောက်ကျတယ် တချိုက မတတ်နိုင်ကြဘူး” ဟု ၎င်းက ပြောသည်။

ဤသို့ မီတာခများ လိုက်လံကောက်ခံ ဖြုတ်သိမ်းရာတွင် စစ်တပ်ကားနှစ်စီး ရဲကားနှစ်စီး အချုပ်ကားတစ်စီး ဖြင့် ရဲနှင့် စစ်သားအင်အား ၅၀ ကျော်ပါဝင်ကာ လှည့်လည်ကောက်ခံခဲ့ပြီးနောက် အဆိုပါ လျှပ်စစ်ရုံးကို မေလ ၁၉ ရက်နေ့က Urban Revolutionary Force (Bhamo-URF) က လက်ပစ်ဗုံးနှစ်လုံးခွဲ သတိပေးခဲ့ပြီး နောက် မီတာခ လိုက်လံ ကောက်ခံခြင်းများ ရပ်နားထားကြောင်းသိရသည်။

Show More

Related Articles

Back to top button