သတင်း

NLD လွှတ်တော် ကိုယ်စားလှယ်‌ဟောင်း ဦးဇော်သင်း နေအိမ်ချိတ်ပိတ်ခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည့် ဦးဇော်သင်း၏ နေအိမ်ကို စစ်ကောင်စီတပ်မှ ယမန်နေ့တွင် လာရောက်ချိတ်ပိတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နောင်ခိုရပ်ကွက်၊ ရွှေကျီးနားဘုရားလမ်းတွင်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၏ နေအိမ်အား စစ်ကောင်စီတပ်မှ မေလ ၂၄ ရက်နေ့ နေ့လည် ၂နာရီဝန်းကျင်တွင် လာရောက်ချိတ်ပိတ်သွားခြင်းကြောင်း သိရသည်။

“မနေ့ကနေ့လည် ၂နာရီလောက်မှာ စာလာကပ်သွားတာဟုတ်တယ်။ ဦးဇော်သင်းနဲ့မိသားစုကတော့ ရှောင်နေတာကြာပြီ အိမ်မှာဘယ်သူမှ မရှိပါဘူး” လို့ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၏ နေအိမ်အား”အကြမ်းဖက်အုပ်စု CPRH အဖွဲအစည်းများနှင့် ပတ်သက်ဆက်စပ်နေသောကြောင့် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း” ဗီနိုင်းကပ် ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတစ်ဝန်း ၎င်းတို့အားဆန့်ကျင်သည်ဟု ယူဆသူများ၊PDF များအား ထောက်ပံ့သူများ၊ NLD လွှတ်တော်ကိုယ်စားလှယ်အချို့၏ နေအိမ်များ ချိတ်ပိတ်ခဲ့သော်လည်း ကချင်ပြည်နယ်တွင်မူ ယခုအကြိမ်နေအိမ်ချိတ်ပိတ်ခံရသည်မှာ ပထမအကြိမ်ဖြစ်သည်။

“နေအိမ်ချိတ်ပိတ်တာ မကြားမိသေးဘူး ဒီတစ်ခေါက်က ပထမဦးဆုံးဘဲ။ ကျနော့်အမြင်တော့ ပြည်သူတွေ သူတို့ကို‌ပိုကြောက်လာအောင် လုပ်တာလို့မြင်တယ်” လို့ ဒေသခံတစ်ဦးကပြောသည်။

ဗန်းမော်မြို့သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း PDF နှင့်ဆက်စပ်သူများ CDM ပြုလုပ်သူများအား လိုက်လံဖမ်းဆီးမူ မကြာခနရှိနေဆဲဖြစ်သည့်အပြင် ယခုကဲ့သို့ စစ်ကောင်စီဘက်မှ နေအိမ်ချိတ်ပိတ်သည့်အထိ လုပ်ဆောင်လာခြင်းသည် ပြည်သူများအား အကြောက်တရားပေးနေခြင်းသာဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

Show More

Related Articles

Back to top button