သတင်း

မြင်းမူမြို့နယ်တွင် လူနေအိမ်မီးရှို့ခံရပြီး ပြည်သူ ၃၀ ဦးခန့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂုရုကျေးရွာသို့ ယနေ့ နံနက် ၆ နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ် အင်အား ၁၄၀ခန့် သေနတ်ပစ်ဖောက် ဝင်ရောက်လာသည့်အတွက် နေအိမ် ၃ လုံး မီးလောင်၊ သေနတ်ကျည်ထိမှန်သူ ၂ဦးအပြင် ပြည်သူ ၃၀ ဦးခန့်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း‌ ဒေသခံကာကွယ်ရေးတပ်မှ သိရသည်။

“ရွာသားနှစ်ဦးသေနတ်နဲ့ပစ်ခံထားရတာတော့ အတည်ပြုနိုင်ပါတယ်။ ရွာထဲမှာကဓားစာခံ ဖမ်းဆီးခံထားရတဲ့ ရွာသား၃၀လောက်ရှိတယ်ဗျ။ ကျန်တဲ့ရွာသားတွေကလည်းဘေးပတ်ဝန်းကျင်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်ဗျ” ဟု သူက ပြောသည်။

ဂုရုကျေးရွာတွင် စစ်ကောင်တပ်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ခြင်းမျိုး မရှိသော်လည်း စစ်ကောင်စီတပ်သည် ယခုကဲ့သို့ အကြောင်းမဲ့ရွာတွင်း ဝင်ရောက်လာပြီး အကြမ်းဖက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ ဂုရုကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ချောင်းဦးမြို့နယ် သန်းပင်ကန် ကျေးရွာဘက်မှ စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး ယခုချိန်ထိ‌ ဂုရုကျေးရွာအတွင်း တပ်စွဲနေထိုင်နေသေးကြောင်း သိရသည်။

ထို့ပြင် အဆိုပါစစ်ကြောင်းသည် လမ်းတစ်လျှောက် ပဲတောင်း ကျေးရွာမှ ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“ပဲတောင်းကျေးရွာမှာတော့ ပြည်သူတစ်ဦးကို အကြမ်းဖက်သတ်ဖြတ်လိုက်တယ် ပြည်သူနှစ်ဦးကတော့ လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်။ လက်ပန်နဲ့တောချောင်းဦးမှာတော့ အိမ်တွေမွှေနှောက် ရှာဖွေတာတွေရိုက်ချိုးထားခဲ့တာတွေတော့ရှိတယ်ဗျ” လို့ ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူကပြောသည်။

စစ်ကိုင်းတိုင်းသည် စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း အနော်ရထာစစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်မှု အများဆုံးပြုလုပ်ခံနေရသော ဒေသဖြစ်သည်။

Show More

Related Articles

Back to top button