သတင်း

လသားအရွယ် ကာကွယ်ဆေးထိုးပြီး ပြန်လာသော မိသားစုဝင် ၃ ဦး ကား ကျင်းထဲ ပြုတ်ကျ သေဆုံး

ဖားကန့်မြို့နယ် အေးမြသာယာ ကျောက်စိမ်းလုပ်ကွက်ဟောင်းကျင်းထဲတွင် အိမ်စီးကားတစ်စီး ပြုတ်ကျခဲ့ရာ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ထိုနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်သည် ယနေ့ နံနက် ၉နာရီခွဲတွင် မှော်မောင်းလျှံကျေးရွာမှ ဖားကန့်ပြည်သူ့ဆေးရုံသို့ လသားအရွယ် ကလေးကို ကာကွယ် ဆေးသွားထိုး၍အပြန်တွင် အေးမြသာယာ အနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် ကားဘရိတ်ပေါက်၍ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ကယ်ဆယ်ရေးသမားတစ်ဦးက KNGသတင်းဌာနသို့ ပြောသည်။

“အရင်တုန်းက လုပ်ကွက်ဟောင်းပေါ့ ပေငါးရာလောက်ကတော့အနည်းဆုံးမြင့်တယ်။ အဲ့မှာဘရိတ်ပေါက်ပြီးမှ လမ်းဘေးကဟာတိုက်မိပြီးအဲ့ကန်ထဲမှာ ပြုကျသွားတာ မိသားစုသုံးယောက်လုံးတစ်ယောက်မှ မကျန်တော့ဘူး။ အလောင်းကတော့ ခါတိုင်းအတွေ့ကြုံရှိတဲ့ ရေငုတ်ပစ္စည်းတွေအပြည့်အစုံနဲ့ငုတ်ရှာရမှာဆိုတော့ ရှာမယ့်သူ စောင့်နေတုန်းပဲ။ အလောင်းမဖော်သေးဘူး ခုတော့”ဟု ရှာဖွေကယ်ဆယ်ရေးလုပ်ရန် ရောက်နေသည့် အမျိူးသားတစ်ဦးက ပြောသည်။

မိသားစုဝင်သုံးဦးသည် မှော်မောင်းလျှံ အကျိူးတူ ကုမ္ပဏီမှ ဝန်ထမ်းမိသားစုဝင်ဖြစ်ပြီး ကိုယ်ရေးအချက်အလက် များကို အတည်ပြုနေဆဲ ဖြစ်ကြောင်း သူကဆက်ပြောသည်။

“ကားက ပါဂျဲရိုကားတဲ့ ပြုတ်ကျသွားတာက သူတို့လိုပဲ ကာကွယ်ဆေးသွားထိုးတဲ့ကားတစ်စီးက တွေ့လိုက်တာ သူတို့ရှေ့မှာ တင်ပြုတ်ကျသွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

လတ်တလောတွင် ရုပ်အလောင်များဖော်ထုတ်နိုင်ရေးအတွက် လူမှုကူညီရေးအသင်းများ၊ ဒေသခံများက လုပ်ဆောင်နေဆဲဖြစ်ပြီး နောက်ထပ်အချက်အလက်များကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။

Show More

Related Articles

Back to top button