သတင်း

ကလေး ၄ ဦးအပါအဝင် ဖမ်းဆီးခံရသည့် မက်လင်ဂျောင်‌ကျေးရွာမှ ပြည်သူ ၂၃ဦး ပြန်လွှတ်လာခြင်းမရှိသေး

ဖားကန့်မြို့နယ် မက်လင်ဂျောင်ကျေးရွာမှ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံသွားရသည့် ကလေး ၄ဦးအပါအဝင် ပြည်သူ ၂၃ဦး ယနေ့ချိန်ထိ လွှတ်မြောက်လာခြင်းမရှိသေးသည့်အပြင် မိသားစုဝင်များနှင့်လည်း အဆက်အသွယ်မရသေးကြောင်း သိရသည်။

ဇွန်လ ၁၁ ရက်နေ့ နံနက် ၂နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ မက်လင်ဂျောင်ကျေးရွာမှ နေအိမ်အချို့ဝင်ရောက်ဖမ်းဆီးမူပြုလုပ်ခဲ့ရာ အသက် ၄ နှစ်အရွယ် ကလေး ၂ဦး ၈နှစ်အရွယ်ကလေး ၂ဦးအပါအဝင် ပြည်သူ စုစုပေါင်း၂၃ ဦးတို့အား ယနေ့ချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိ‌သေးကြောင်း သိရသည်။

“မနက် ၂နာရီလောက်မှာ အဲက ပြည်သူ ၂ ယောက်ကို PDF ထောက်ပံ့တယ်ဆိုပြီး ဝင်ဖမ်းတာ သူတို့လာဖမ်းတဲ့ ၂ယောက်က ထွက်ပြေးလွှတ်မြောက်သွားတော့ မိသားစုဝင်တွေရယ် ပြီးတော့ စစ်ဘေးလာရှောင်နေတဲ့သူ‌၊ ပြီးတော့ ဘေးအိမ်က ဆိုင်ကယ်ဝပ်ရှော့က ၄ ယောက် စုစုပေါင်း ၂၃ ယောက်ဖမ်းသွားတယ်လို့ သိရတယ်။ ခုထိတော့ အဆက်အသွယ်လည်း မရသလို လွှတ်မြောက်လာတာလည်း မရှိသေးဘူး “လို့ ဒေသခံနှင့် နီးစပ်သူကပြောသည်။

ဖမ်းဆီးခံရသူများမှာ မောင်ကံလင်းအောင် ၄နှစ်၊ မမေသင်းရနံ့ဇော် ၃ နှစ်၊ မသွန်းစုရတီဝေ ၈နှစ်၊ မောင်သုတဇော် နှစ်၊ ဦးဝင်း ၇၅ နှစ်၊ ဦးသိန်းဌေး ၇၃ နှစ်၊မသင်းသင်းမာ ၄၀ နှစ်၊ မရီနွယ်ထွန်း ၂၉ နှစ်၊မမြသွေးနွယ် ၄၂ နှစ်၊မောင်ဇော်ဇင်ဦး ၁၈ နှစ်၊ဦးကျော် ၃၀ နှစ်၊ ဦးမိုးညို ၃၀ နှစ်၊မောင်နန်းမင်းထွန်း ၃၀နှစ်၊ မောင်ရဲမိုးဟိန်း ၃၀ ဝန်းကျင်၊မောင်ကျော်ထူး ၃၀နှစ်၊ မောင်သောင်းဇော်ဝင်း ၃၀ နှစ်၊မောင်ထိန်လင်းအောင် ၃၀နှစ်၊ ဦးမိုးကျော် ၃၀ ဝန်းကျင်၊ ဦးကျော်သူဝင်း ၃၀နှစ်အပါအဝင် အမည်မသိ ဆိုင်ကယ်ဝပ်ရှောပ့်ဆိုင်မှ ၄ ဦး စုစုပေါင်း ၂၃ ဦးဖြစ်သည်။

အဆိုပါ ၂၃ ဦးတွင် အခြားရွာမှ စစ်ဘေးရှောင်လာသည့်ပြည်သူ ၁၂ ဦး၊ မိသားစုဝင် ၇ ဦးပါဝင်ပြီး ဖမ်းခံထိသည့်နေအိမ်မှ PDF ထောက်ပို့ယာဉ်ဟုဆိုကာ ပါကျဲရိုးကား အဖြူတစ်စီးလည်း စစ်ကောင်စီတပ်မှ သိမ်းသွားကြောင်း သိရသည်။

မက်လင်ဂျောင်ကျေးရွာတွင် ဇွန်လ ၁ရက်နေ့ ည ၈နာရီဝန်းကျင် မက်လင်ဂျောင်အုပ်ချုပ်ရေးမှူး ဦးအုန်းကျော်နှင့် ဆွေမျိုးတော်စပ်သူ ၃ ဦး စုစုပေါင်း ၄ ဦးအား အမည်မသိအဖွဲ့မှ သတ်သွားခဲ့သည့်နောက်ပိုင်း ရွာအတွင်း စစ်ကောင်စီတပ် စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း သိရသည်။

ထို့ပြင် လက်ရှိချိန်တွင်လည်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးမူအပြင် ပြည်သူများအား ဖမ်းဆီးမူ ပိုမိုလုပ်ဆောင်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်သူ များလာနေကြောင်း သိရသည်။
“ခုရွာပျက်လိုတောင် ဖြစ်လာပြီလို့ပြောကြတယ်။ စကစက ဖမ်းတာ စစ်တာတွေလုပ်နေတော့ ပြီးတော့ အဲဘက် စစ်ကြေးတွေလည်း ထိုးနေတော့ ‌ပြည်သူတွေ ပြေးနေကြရပြီ” ဟု ဖားကန့်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးကပြောသည်။

ဖမ်းဆီးသွားခံရသူများတွင် CDM ဆရာမ ၄ ဦးပါဝင်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း KNG သတင်းဌာန၏ စုံစမ်းမေးမြန်းချက်အရ CDM ဆရာမများ ပါဝင်ခြင်းမရှိဘဲ ကျေးရွာတွင်းရှိ ကလေးများအား နေအိမ်တွင် စာသင်ပေးသည့် ဒေသခံပညာတတ်လူငယ်များသာ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံသွားရသည့် ပြည်သူ ၂၃ ဦးအား လက်ရှိ ဗျူဟာကုန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

Show More

Related Articles

Back to top button