သတင်း

တန့်ဆည် စျေးတိုက်တန်းကို စစ်ကောင်စီမီးရှို့၊ အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီပစ်သတ်

တန့်ဆည်မြို့ပေါ်ရှိ စျေးသူစျေးသားများနေသည့် တိုက်တန်းကို စစ်ကောင်စီ က မီးရှို့ခဲ့ပြီးနောက် သေနတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးလည်း ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တန့်ဆည်မြို့ ၊ လမ်းဆုံမြို့ ပေါ်ရပ်ကွက် ဘုရားတိုက်တန်းကို စစ်ကောင်စီတပ်က ဇွန်လ ၁၀ ရက်နေ့ ည ၈ နာရီခွဲအချိန်မှ စတင်ကာ မီးရှို့ခဲ့ပြီး ယနေ့ နံနက်ပိုင်းအထိ တိုက်ခန်းပေါင်း ၃၇ ခန်းမီးလောင်ခဲ့သည်။ ထို့နောက် အမျိုး သမီးငယ်တစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ကြောင့် စစ်ရှောင်များအရေးကူညီဆောင်ရွက်ပေးနေသည့် တန့်ဆည်မြို့နေ အမျိုးသမီးတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“ညပိုင်းရှစ်နာရီကနေ မီးအတင်ခံရတာပေါ့။ စကစကရှို့ တာအဲ့မှာက အိမ်ဌားနေတဲ့လူလည်းရှိတယ်။ ကိုယ်ပိုင်တိုက် ခန်းလည်းရှိတယ် အကုန်လုံးက စျေးသူစျေးသားတွေပါ။ ဒီဘက်ကလည်း ဘာမှလုပ်တာပြုတာမရှိဘူး။ ဒါပေမယ့် ပြည်သူတစ်ယောက်ကိုတော့ သူတို့က ရမ်းပစ်လို့ကျသွားတယ်”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ယင်းအမျိုးသမီးသည် အသက် ၃၂ အရွယ်ရှိ လမ်း ဆုံရပ်ကွက် မြောက်ဘက်တွင် နေထိုင်ဖြစ်ပြီး လမ်းဆုံမြို့ပေါ်တွင် စခန်းချနေထိုင်နေသည့် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျသွားတဲ့အမျိုးသမီးကမြို့ခံပဲ သူ့အလောင်းကိုတော့ ဒီနေ့မနက်ပိုင်းကျမှယူလို့ရတာ”ဟုဒေသခံတစ်ဦးကပြောသည်။

လတ်တလောတွင် တိုက်တန်း မီးရှို့ခံရသည့်အတွက် မီးဘေးသင့် စျေးသူစျေးသားများအတွက် စားဝတ်နေရေး ၊ နေရာထိုင်ခင်းအကူအညီများ လိုအပ်နေကြောင်းလည်း သိရသည။

စစ်ကောင်စီအာဏာသိမ်းသည့်နောက်ပိုင်း ၂၀၂၁ မေလတွင် ရွှေဘိုစည်ပင်စျေး၊ လွိုင်ကော်မြို့ရှိစည်ပင်စျေးနှင့် ၂၀၂၂ ခုနှစ်တွင် သာကေသမြို့နယ်ရှိ ၇ စျေးနှင့် ကျိုက်မရောမြို့နယ် စံပြကျေးရွာစျေးတို့အပြင် အခြားပြည်နယ်/တိုင်များရှိ စည်ပင်စျေး၊ ရပ်ကွက်စျေးများ မီးလောင်မှု မကြာခဏဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button