သတင်း

ရည်းစားစကားများရာမှ ကောင်လေးက ကောင်မလေးဖြစ်သူကို ဓါးထိုးသတ်

ကချင်ပြည်နယ် ဖားကန့်  မြို့မရပ်ကွက်တွင် သမီးရည်းစားချင်းစကားများရာမှ ကောင်လေးဖြစ်သူက ချစ်သူကောင်မလေး ကို ဓားဖြင့်အကြိမ်ကြိမ် ထိုးသတ်မှုပြုလုပ်ခဲ့ပြီးနောက် ကောင်းလေးကိုယ်တိုင်လည်း မိမိကိုယ်မိမိ ဓါးဖြင့် ပြန်လည် ထိုးနက်မှုပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့ ည ၅ နာရီအချိန်ခန့်တွင် အသက် ၂၅ နှစ်အရွယ် ကိုရှမ်းလေးခေါ်သူသည် အသက် ၂၆နှစ်အရွယ်ရှိ သူ၏ ချစ်သူကောင်မလေး မမေသူ ရှိနေသည့် “မေ”အပ်ချုပ် ဆိုင်အတွင်းသို့ရောက်လာပြီး သမီးရည်းစားနှစ်ဦး စကားများကြရာမှ  ချစ်သူကောင်မလေးကို ဓားဖြင့် လည်ပင်း၊ ဝမ်းဗိုက်နှင့် ရင်ဘတ် စသော ၃နေရာခန့်တွင် အကြိမ်ကြိမ်ထိုးနက်ခဲ့သောကြောင့် ကောင်မလေးဖြစ်သူသေဆုံးခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက KNG သို့ပြောသည်။

“ကောင်လေးအခြေအနေကတော့ မနေ့ကတည်းက သူ့ကိုယ်သူဓါးနဲ့ ပြန်ထိုးတာတွေလုပ်ခဲ့တယ်။  မသေတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။ ကောင်လေးနဲ့ကောင်မလေးက သမီးရည်းစားဖြစ်တာ ငါးနှစ် ခြောက်နှစ်လောက်တောင်ကြာပြီတဲ့။ ပြသနာအနည်းငယ်ရှိပုံရတယ်။ ကောင်လေးက ငါဘာတွေအမှားလုပ်မိလို့လဲဘာညာပြော ပြီးမှ ဆိုင်ထဲကိုဝင်လာတာနဲ့ ဓားဖြင့် ထိုးလိုက်တာ။ ဓားနဲ့ထိုးပြီးတာနဲ့ သူက ဆိုင်ရှေ့မှာထိုင်နေတာ အဲ့ချိန်ဘေးကလူတစ်ယောက်က နင့်ကောင်မလေး သေပြီလို့ပြောလိုက်တော့ သူ့ ကိုယ်သူ ငိုင်ပြီးမှ ဓားနဲ့ပဲပြန်ထိုးတာ” ဟု ပြောဆိုသည်။

အဆိုပါ သမီးရည်းစားစုံတွဲနှစ်ဦးစလုံးမှာ မိုးညှင်းမြို့မှ ဖားကန့်မြို့သို့ပြောင်းရွေ့လာကာ အလုပ်လာလုပ် နေသည့်အတွဲဖြစ်ပြီး ကောင်မလေးဖြစ်သူမှာ “မေ”အပ်ချုပ်ဆိုင်တွင် သင်တန်းဆရာမလုပ်နေသူဖြစ်ကြောင်း သိရသည်။

ကောင်လေးဖြစ်သူသည် ကောင်မလေးကို ဓားထိုးမှုကျူးလွန်ထားသောကြောင့်ယင်းအနီးတစ်ဝိုက်ရှိ ပြည်သူများက ထိန်းသိမ်းထားခဲ့ပြီး‌နောက် နယ်ထိန်းနဲ့ရဲများရောက်လာ၍ ဓားထိုးမှုဖြင့် ဖမ်းဆီးပြီးရွှေပြည်သစ် ဆေးရုံတွင်ပို့ဆောင်ထားကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

Show More

Related Articles

Back to top button