သတင်း

စစ်ကောင်စီတပ်ဖွဲ့၏ ခြေလျှင်စစ်ကြောင်းကို မြို့လှ KPDF စောင့်ကြိုတိုက်ခိုက်

ရွှေကူမြို့နယ် ရွှေငြိမ်းချမ်းရွာမှ ကျောက်ကြီးရွာဘက်သို့ ခြေလျှင်စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ် လမ်းခုလတ်တွင် တိုက်ခိုက်ခံရသဖြင့် ထိခိုက်သေဆုံးမှု များနိုင်ကြောင်း မြို့လှ KPDF တပ်မှ သိရသည်။

အင်အား ၈၀ ကျော်ရှိသည့် စစ်ကောင်စီတပ် ခမရ ၄၁၅ တပ်သည် ဇွန်လ ၁၂ ရက် နံနက် ၉ နာရီဝန်းကျင်ခန့် ရွှေငြိမ်းချမ်းရွာဘက်မှ ကျောက်ကြီးရွာဘက်သို့ ခြေလျှင်စစ်ကြောင်း ဆင်းလာစဉ် မြို့လှ KPDF တပ်မှ မိုင်း (၈) လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မိုင်းကွင်းထဲရောက်လာတဲ့ချိန်မှ ကျနော်တို့က မိုင်းဆွဲလိုက်တယ် မီတာ ၅၀လောက်ဘဲကွာမယ် မိုင်းဆွဲပြီးတော့ ကျနော်တို့ နောက်ကိုနည်းနည်းပြန်ဆုတ်ပြီး ပစ်ကြတာ။ မိုင်းဆွဲလိုက်တဲ့ချိန်မှာ သူတို့ဘက်က မြောက်တက်သွားတဲ့ ဟာတွေကို ကျနော်တို့ မျက်မြင်ကိုယ်‌တွေ့ဘဲ” ဟု မြို့လှ KPDF မှ တာဝန်ရှိသူက ပြောသည်။

မိုင်းဆွဲခံရသဖြင့် သေဆုံးနေသည့် စစ်ကောင်စီတပ်များ၏ အလောင်းသွားကောက်ရန်နှင့် နယ်မြေရှင်းလင်းရန် KPDF ဘက်မှ ပြင်ဆင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်း ထပ်မံရောက်ရှိလာသည့်အတွက် ယမန်နေ့ တစ်နေကုန် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲခံလိုက်ရလို့ သေနေတဲ့အလောင်းတွေကို သူတို့လည်း လာမကောက်သေးဘူး နှစ်ဖက်စလုံးက စောင့်ကြည့်တဲ့ အနေအထားမှာ ရှိနေတာ။ အဲဒါနဲ့ကျနော်တို့ဘက်က နယ်မြေရှင်းလင်းဖို့ တည့်မသွားဘဲ ပတ်ပြီးတက်တဲ့ချိန်မှာ စစ်ကူလာတဲ့ ၁၂၁ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်သွားတော့ သူတို့ရဲ့အလောင်းကို သွားကောက်ဖို့ အခွင့်မသာခဲ့ဘူး” ဟု မြို့လှ KPDF မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် သေနေသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ၏ အလောင်းများကို ညမိုးချုပ်မှ ကောက်ယူသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့တွင်လည်း ပန်ခေါန်ယာန်ကျေးရွာတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

အဆိုပါ ပန်ခေါန်ယာန်ဒေသမှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်များသည် ကျောက်ကြီးရွာဘက်သို့ ဦးတည်ဆုတ်ခွာစဥ် ဇွန်လ ၁၂ ရက်တွင် မြို့လှ KPDF တပ်မှ ယခုကဲ့သို့ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button