သတင်း

ကြို့ကန်ရွာကိုစစ်ကောင်စီတပ် ဒုတယအကြိမ်ထပ်မံ မီးရှို့ဖျက်ဆီး၊ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ကြို့ကန်ကျေးရွာကို စစ်ကောက်စီတပ်က ဇွန်လ ၁၄ရက်နေ့ ဒုတိယ အကြိမ်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံပြည်သူများ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှသိရသည်။

ခင်ဦးမြို့တွင်း ရွှေဘိုလေ့ကျင့်ရေးတပ်မှ စစ်အင်အား ၁၀၀ နီးပါးခန့်ရှိသည့် စစ်ကား ၄စီး ယာဉ်တန်းသည် ယမန်နေ့ ညနေပိုင်း ၆နာရီဝန်းကျင်မှစတင်ကာ ကြို့ကန်ရွာအတွင်းသို့ဝင်ရောက်လာပြီး လူနေအိမ်များကိုများကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သို့ပြောသည်။

“သူတို့က စုစုပေါင်းကားလေးစီးနဲ့လာတယ်။ ရွှေဘို-မြစ်ကြီးနားလမ်းကနေ လက်နက်ကြီးတွေနဲ့လှမ်းထုပြီးတော့ဝင်လာတယ်။ ကားလမ်းနဘေးမှာရှိတဲ့ နေအိမ်တွေကိုမီးရှို့တယ်။ ခုမနက်မှာလည်း ထပ်ရှို့တယ်လို့ ရွာသားတွေကသတင်းပို့လာတယ်”ဟု ၎င်းကပြောသည်။

အိမ်ခြေ ၃၀၀ နီးပါးခန့်ရှိသည့် ကြို့ကန်ကျေးရွာကို ဇွန်လ ၁၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်က လူနေအိမ် ၃၇ လုံးကို ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ယခု ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးမှုတွင် ဒေသခံပြည်သူများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် မီးရှို့ပျက်စီးသွားသည့် လူနေအိမ်စာရင်းကို အသေးစိတ်မသိရှိနိုင်သေးကြောင်းသိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့မှ လူနေအိမ်များ မီးရှို့ဖျက်ဆီးပေးလိုက်ခြင်းကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေသည့် ကြို့ကန်ကျေးရွာ ပြည်သူ ထောင်ချီအတွက် လူမှုအဖွဲ့အစည်းများ၏ အကူအညီများလိုအပ်နေကြောင်းလည်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ရွာသားတွေကတော့ခါတိုင်းလိုပါပဲ နီးစပ်ရာ ရွာတွေ ဘုန်းကြီးကျောင်းတွေစာသင်ကျောင်းတွေမှာ တိန်းရှောင်နေရတယ်။ ၁၁ ရက်နေ့ကတည်းကတိန်းရှောင်နေကြတာ တချို့ကမနေ့ကမှ ပြန်ထွက်ပြေးလာကြတယ်။ အဓိကလောလောဆယ် လိုအပ်နေတာက အစားအသောက်နဲ့ နေရာစရာနေရာတွေဖြစ်ပါတယ်။ တကယ်လိုအပ်နေတာဖြစ်တဲ့အတွက် ကူညီပေးစေချင်ပါတယ်”ဟု မီးဘေးသင့် ဒေသခံပြည်သူတစ်ဦးကပြောပါသည်။

ရွာကို မီးရှို့ဖျက်ဆီးသော စစ်ကောင်စီတပ်သည် ယနေ့ ညပိုင်းအထိ ကြို့ကန်ရွာအတွင်း တပ်စွဲနေထိုင်လျက်နေဆဲဖြစ်ပြီး ထိုသို့ ရွာအတွင်း စစ်ကောင်စီတပ်မှ တပ်စွဲနေထိုင်နေသည့်အတွက်ကြောင့် ဒေသခံပြည်သူများ ရွာအတွင်းသို့ ပြန်လာရန် အခက်အခဲကြုံတွေ့နေရကြောင်း လည်းဆက်သိရသည်။

အလားတူ ကြို့ကန်ကျေးရွာနှင့်အနီးတွင်ရှိသော ကျေးရွာ ၃ခုသည်လည်း စစ်ကောင်စီတပ်ဖွဲ့မှ ရွာအတွင်းသို့ ဝင်ရောက်လာမည်ကို စိုးရိမ်နေသည့်အတွက် အထုပ်အပိုးများဖြင့် ထွက်ပြေးရန် ပြင်ဆင်နေကြကြောင်း ဆက်လက်သိရသည်။

ထို့နောက် ခင်ဦးမြို့နယ်တွင်လည်း စစ်တပ်ကအာဏာသိမ်းပြီးနောက် ယနေ့အထိ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အရပ်သားပြည်သူနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် သေဆုံးမှု ၁၆၀ ဦးခန့် အထိရှိခဲ့ပြီး ကျေးရွာပေါင်း သုံးဆယ်ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button