တိုက်ပွဲသတင်း

မုံးကိုးဘက်မှဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်း ‌KIA တိုက်ခိုက်မှုတွင် စစ်တပ်ဘက်မှ ၁၃ ဦးထက်မနည်းသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဘက်မှ ကွတ်ခိုင်ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်း ၉နာရီဝန်းကျင် မုံကိုးဘက်မှ တပ်ချိန်းရန်ဆင်းလာသည်ဟု ယူဆရသည့် စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၇၇ အဖွဲ့ကို ကွတ်ခိုင်နှင့် နမ့်ဖလွန်ရွာကြားတွင် KIA စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်နှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။

“တိုက်ပွဲ ဖြစ်တာမှန်ပါတယ်။တပ်မ ၇၇ စစ်ကြောင်းက ဆင်းလာတဲ့အချိန်မှာ KIA ဘက်က ‌စောင့်ကြိုပစ်တာဟုတ်တယ်။ နှစ်ဘက်စလုံး ထိခိုက်သေဆုံးတာတွေရှိတယ်လို့သိရတယ်”ဟုပြောဆိုသည်။

စစ်ကောင်စီတပ်နှင့် KIA တို့ကြား ထိုနေရာတွင် နာရီဝက်ခန့်အကြာပစ်ခတ်မှုဖြစ်ပွာခဲ့ရာတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သလို KIA ဘက်မှလည်း တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဆက်သိရသည်။

ယမန်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာသည် နမ့်ဖလွန်ရွာနှင့် အလွန်နီးကပ်သည့် နေရာတွင်ဖြစ်သော်လည်း ကျေးရွာနေ ပြည်သူများသို့ ထိခိုက်မူများ မရှိကြောင်းဒေသခံများပြောဆိုချက်မှသိရပါသည်။

ပြီးခဲ့သော မေလ ၁၆ ရက်နေ့ညတွင်လည်း ကွတ်ခိုင်မြို့အကျော် ဟူနောင်နဲ့ ရှုခင်းသာကြား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းကို KIA မှ ကြားဖြတ် တိုက်ခိုက်မှုများရှိခဲ့သောကြောင့် စစ်ကောင်စီလက် ယာဉ်အချို့ ထိခိုက်ပျက်စီးမှုများခဲ့ပါသည်။

၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်-မူဆယ်ကြား မြန်မာ-တရုတ် ကုန်သွယ်ရာ ပြည်ထောင်စုလမ်းမ အနီးနေရာများတွင်လည်း စစ်ကောင်စီနှင့် KIA တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားလျက်ရှိပါသည်။

Show More

Related Articles

Back to top button