သတင်း

မြစ်ကြီးနားလေတပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမူရှိနိုင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထက်မော်ဖောင်းရပ်ကွက်တွင်ရှိသော စစ်ကောင်စီတပ်၏ လေတပ်စခန်းအား ယမန်ည ၇နာရီဝန်းကျင်တွင် မြို့ပြပျောက်ကြားအဖွဲ့မှ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း မြို့ပြပျောက်ကြားအဖွဲ့မှ သိရသည်။

မြို့ပြပျောက်ကြားအဖွဲ့မှ လေတပ်စခန်းတွင်းရှိ ဝန်ထမ်းအိမ်ယာများနှင့် ကင်းပုန်းနေရာများကို အဓိက ပစ်မှတ်ထားပြီး သွား‌ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ပြပျောက်ကြားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။

“ညနေပိုင်းကတည်းက နေရာသွားယူထားပြီး။ စခန်းတွင်းက ဝန်ထမ်းအိမ်ယာနဲ့ ကင်းပုန်းရှိတဲ့နေရာတွေကို ပစ်မှတ်ထားပြီး 40 မမ ၁၀ လုံးလောက်ပစ်ထည့်နိုင်ခဲ့တယ်။ အထိအခိုက်‌တော့ အနည်းနဲ့အများရှိမယ်”ဟုပြောဆိုသည်။

ယခုကဲ့သို့ လေတပ်စခန်းအား ပစ်မှတ်ထားသွားရောက်ပစ်ခတ်ခြင်းသည် ပြည်သူများအား ထိခိုက်မူမရှိစေချင်သည့်အတွက် လေတပ်စခန်းကိုသာ သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ဆိုထားသည်။

“မြို့တွင်းမြို့ထဲမှာလည်း အကောင်ကြီးကြီးဝန်ထမ်းတွေရှိကြတယ်။ မလုပ်တာကပြည်သူတွေကို ငဲ့နေလို့ရယ်။ ပြည်သူတွေထိခိုက်မှာစိုးရိမ်လို့ အဲ့ကြောင့် အဓိက စစ်တပ်ပိုင်နက်ထဲကို ရွေးလုပ်နေရတာပါ”ပြောဆိုသည်။

အဆိုပါ မြို့ပြပျောက်ကြားတပ်ဖွဲ့သည် ယခုလ ဇွန်လ ၂ ရက်နေ့တွင် မြစ်ကြီးနားမြို့ပေါ် သီတာရပ်ကွက် ဝန်ထမ်းအိမ်ယာဝင်းအတွင်း အသံမိုင်းများဖြင့် သွားရောက် ခြိမ်းခြောက်ဖောက်ခွဲမှုများရှိခဲ့ပြီးနောက် မြစ်ကြီးနားမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်အောက်တွင် ရှိနေသော ဝန်ထမ်းများကိုလည်း ရာထူးမှ နုတ်ထွက်ကြရန် သတိပေးထုတ်ပြန်ချက်များရှိခဲ့ပါသည်။

ယမန်ည လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသော စစ်ကောင်စီတပ်၏ လေတပ်စခန်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

လေတပ်စခန်းသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အလွန် အထက်မော်ဖောင်းရပ်ကွက်တွင်တည်ရှိပြီး လက်ရှိအချိန်တွင် ယခင်ထက်လုံခြုံရေးများတင်းကြပ်ထားပြီး ယမန်ည တိုက်ခိုက်ခံရသည့်အတွက်ကြောင့် ယနေ့နံနက်ပိုင်းက လေတပ်စခန်းအနီးလမ်းများတွင် သွားလာသည့် ပြည်သူ့စစ်ချို့ကို စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း ဆက်သိရသည်။

Show More

Related Articles

Back to top button