သတင်း

တနိုင်းတွင် ချောင်းရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက် ၃ခုတွင် ရေဝင်ရောက်မှု ကြုံတွေ့နေရ

ကချင်ပြည်နယ် တနိုင်းမြို့တွင် ၃ရက်ခန့်အကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်လာပြီး ယနေ့နံနက်ပိုင်းမှ မြို့ပေါ်ရပ်ကွက်အတွင်း ရေကြီးရေလျှံဖြစ်ကာ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။

ဇွန်လ ၂၂ရက်နေ့မှစပြီး အဆက်မပြတ် မိုးရွာသွန်းနေသဖြင့် တနိုင်းချောင်းနှင့် တပီချောင်း ၂ခုသည် ရေကြီးရေလျှံဖြစ်ကာ မြို့ပေါ်ရှိသော ပုံခုံးနှင့် ဆမ့်ဆရပ်ကွက်တို့တွင် ရေဝင်ရောက်လာသောကြောင့် အိမ်ခြေ ၁၀၀ ကျော်ခန့်က ရေဘေးဒဏ်ကို ကြုံတွေ့နေရသည်ဟု တနိုင်ဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုထားသည်။

“အခုရေဝင်နေတဲ့ နေရာက ၃နေရာလောက်ရှိပြီ။ အိမ်ခေါင်မိုးတွေအထိတော့မရောက်သေးဘူး။ ဒါပေမယ့် တဝက်လောက်တော့ကြီးနေပြီ။ ရေဝင်ရောက်တဲ့ရပ်ကွက်က ပြည်သူတွေက နီးစပ်တဲ့နေရာတွေမှာ ဆိုင်ကယ်၊ ကား ပစ္စည်းတွေ ရွှေ့ပြောင်းထားကြတယ်။ ရေကတက်နေတုန်းဘဲ။ ဒီထက်ကြီးလာရင် ပြည်သူအများအတွက် အစားအသောက်တွေလိုအပ်လာမယလို့ထင်တယ်”ဟုပြောဆိုပြောဆိုသည်။

တနိုင်းဒေသတွင် လက်ရှိအချိန်အထိ မိုးရွာသွန်းနေသည့်အတွက် ချောင်းရေမြင့်တက်မှုများရှိနေပြီး ရေဝင်ရောက်မှုရှိနေသော ရပ်ကွက်ဒေသခံပြည်သူများသည်လည်း လက်ရှိအခြေအနေထက် ရေကြီးရေလျှံမှု ဖြစ်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။

ယမန်နှစ်တွင် မြို့ပေါ်ရပ်ကွက်အတွင်းအထိ ရေဝင်ရောက်မှုမရှိခဲ့သော်လည်း ယခုနှစ်တွင် မိုးများသည့်အတွက် မြို့ပေါ်ရပ်ကွက် အထိ ရေဝင်ရောက်မှုများ ဖြစ်နိုင်သည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။

Show More

Related Articles

Back to top button