သတင်း

ကသာတွင် ကျောင်းသားတစ်ဦးထံမှ ဆေးခြောက်တွေ့ရှိသဖြင့် ပြည်သူ ၁၃ဦးကို စစ်ကောင်စီဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ကျောင်းတက်နေသည့် (၉)တန်း ကျောင်းသားတစ်ဦးထံမှ ဆေးခြောက်တွေ့ရှိသဖြင့် သူနှင့် ဆက်စပ်သည်ဟု ဆိုရသော အရပ်သားပြည်သူ ၁၃ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများ ထံမှသိရသည်။

ဇွန်လ ၂ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင် စစ်ကောင်စီလက်အောက်တွင် ဖွင့်လှစ်ထားသော ကသာအမှတ်(၁)အထက်တန်းကျောင်းတွင်  ၉ တန်း ကျောင်းသားထံမှ ဆေးခြောက်ရွက်များတွေ့ရှိခဲ့သဖြင့် အဆိုပါ ကျောင်းသားကို ရဲလက်ထဲအပ်နှံပြီးနောက် ရဲများက ရပ်ကွက်အတွင်း ကျောင်းသားနှင့် ပက်သက်မှုရှိသည်ဟု ပြည်သူ ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကသာဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကိုပြေဆိုသည်။

“ဆေးခြောက်က ၉တန်းတက်နေတဲ့ ကျောင်းသားတစ်ယောက်ဆီကနေတွေ့မိတယ်လို့ပြောတယ်။ ဆေးခြောက်အရွက်က ဘယ်လိုကြောင့် ကလေးရဲ့လက်ထဲမှာသွားတွေ့တာလည်းတော့မသိဘူး။ ဆေးခြောက်တွေ့တဲ့ ဆရာမက ကျောင်းသားကို ရဲလက်ကိုအပ်လိုက်တယ်လို့ပြောတယ်။ ရဲကနေတဆင့် ဘယ်မှာတွေ့တာလဲ ဘယ်မှာရတာလဲပေါ့မေကြတာပေါ့။ ရဲတွေက အိမ်မှာတွေမှာလိုက်ရှာပြီး တချို့ အိမ်မှာဆိုရင် အလှည့်ကျပေါက်ပင်လိုရှိနေတာ။ သုံးစွဲတာလည်းမဟုတ်ဘူး။ အဲ့တာကို အိမ်တွေလိုက်ပြတော့ ၁၃ယောက်လောက်ပါသွားတယ်”ဟုပြောဆိုသည်။

စစ်ကောင်စီအဖွဲ့ ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၁၃ ဦးသည် ကသာ ရပ်ကွက် (၁)၊(၄)၊(၆)၊(၇)နှင့် ရပ်ကွက် (၁၁) စသော ရပ်ကွက် ၅ခုမှ အမျိုးသား ၁၃ဦးဖြစ်ကြောင်းသိရသည်။

လက်ရှိ ဒေသခံများထံမှ တွေ့ရှိသော ဆေးခြောက်ပင်များသည် စိုက်ပင်မဟုတ်ဘဲ အလိုအလျောက်ဖြင့် အလှည့်ကျပေါက်လာသော အပင်များသာဖြစ်​​ပြီး ဒေသခံများအနေဖြင့် မူးယစ်ဆေးဝါးသဖွယ်သုံစွဲခြင်းမရှိကြောင်း နောက်ထပ် ကသာဒေသခံတစ်ဦးက ယခုလိုထပ်မံပြောဆိုထားသည်။

“ဒီဟာက ဘယ်လိုပြောရမလဲဆိုရင် မုန့်ညှင်းမျိုးတို့ ဘာတို့မှာလည်းပါလာတတ်တယ်။ အဲ့တာကို သူကကြက်သားဟင်းတို့ ဘာတို့မှာ ထည့်စားရင်ချိုတယ်လို့ဆိုကြတယ်။ အဲ့လိုနဲ့ တချို့သူတွေက သုံးချင်ရင်သုံးကြမှာပေါ့။ နည်းနည်းပါးပါး ဟင်းထဲခပ်သုံးတာတော့ရှိလိမ့်မယ်။ မူးယစ်ဆေးဝါးလိုမျိုးတော့မသုံးကြဘူး”ဟုပြောဆိုသည်။

ဆေးခြောက်တွေ့ရှိမှုဖြင့် စစ်ကောင်စီ ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၁၃ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရှိရကြောင်းနှင့် ဆေးခြောက်တွေ့ရှိသော ကျောင်းသားကိုလည်း တရားစွဲဆိုရန်ပြင်ဆင်နေကြောင်းလည်း ဒေသခံပြည်သူများထံမှသိရသည်။

စစ်ကောင်စီဘက်မှ ဆေးခြောက်တွေ့ရှိသော ကျောင်းသားကို တရားစွဲဆိုရန် ပြင်ဆင်နေသည့်အပေါ် ကျောင်းသားဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေလည်း လိုအပ်နေကြောင်း ဒေသခံများမှ ဆက်လက်သိရသည်။

Show More

Related Articles

Back to top button