သတင်း

ရေဦးနယ် ကျေးရွာ ၃နေရာတွင် စစ်ကောင်စီ ရဟတ်ယာဉ် ၄စီးဖြင့်ဗုံးကျဲတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ထဲရှိသော ကျေးရွာ ၃နေရာတွင် စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်မှ ရဟတ်ယာဉ် ၄စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့​ကြောင်း ဒေသခံများထံမှသိရသည်။

ရေဦးနှင့်တန့်ဆည် မြို့နယ် ၂ခုချင်းစပ်ရှိသော ရေဦးနယ်မဲအိုး၊ အင်မထိုးရွာနှင့် ဝက်သေပေကြီး စသော ၃နေရာတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၄စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောပါသည်။

“ရဟတ်ယာဉ် လေးစီးထဲမှာ နှစ်စီးက Mi- 70 သယ်ပို့ယာဉ်ပေါ့။ နောက် ၂စီးကတော့ ပစ်တယ်။ ပြီးရင် စစ်ရိက္ခာနဲ့ တပ်သားတို့ချသွားတယ်”ဟုပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဗုံးကျဲတိုက်ခိုသည့်အပြင် ရဟတ်ယာဉ် ၄စီး အနက် ၂စီးတွင် စစ်အင်အား ၆၀ ဝန်းကျင်ခန့်ပါရှိပြီး အဆိုပါ စစ်အင်အားကို ရေဦးမြို့နယ် ကုန်းတန်းကြီးကျေးရွာတွင် ချသွားသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။

အဆိုပါ ကျေးရွာ ၃နေရာတွင် စစ်ကောင်စီတပ်ဘက်မှ တစ်ရက်အတွင်း လာရောက်ဗုံးကျဲတိုက်ခိုက်ခြင်းသည် NLD အမတ်လောင်းတစ်ဦး၏ ဟောပြောပွဲရှိသည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက်ကြောင့် လာရောက်ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ဆက်ဆိုထားသည်။

“ရွာထဲမှာ ကြားတာကတော့ အမတ်လောင်းတစ်ဦးရဲ့ ဟောပြောပွဲရှိတယ်လို့ကြားတယ်။ အဲ့သတင်းကြားလို့ လာပစ်တယ်လို့ပြောကြတယ်”ဟုပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီဘက်မှ လေကြောင်းလိုင်းဖြင့်လာရောက်တိုက်ခိုက်မှုကြောင့် မဲအိုး၊ အင်မထိုး၊ ဝက်သေပေကြီးရွာနှင့် အနီးဝန်းကျင်တွင်ရှိသော ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိခိုက်မှုရှိမရှိ အသေးစိတ်မသိရသေးကြောင်း သိရသည်။

Show More

Related Articles

Back to top button