တိုက်ပွဲသတင်း

ချောင်းဦးနယ်တွင် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု ၁၀ဦးခန့်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်အရာရှိတစ်ချို့နှင့် တပ်သားများစီးနှင်းလာသည့် စစ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်များမှ သိရသည်။

ယနေ့ နံနက်၉နာရီဝန်းကျင်တွင် စစ်ကောင်စီအဖွဲ့သည် မြင်းမူဘက်သို့သွားရန် အိမ်စီးကား Alphard ပုံစံ NOAX-5I 9446 အဖြူရောင်ကားတစ်စီးဖြင့် ထွက်လာခဲ့ရာ ချောင်းဦးမြို့အထွက် လမ်းခုလတ်တစ်နေရာတွင် ချောင်းဦး PDF တပ်မှ ပဒေသာမိုင်း ၁၅လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု FRF CHUမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“ချောင်းဦးမြို့ ကနေ မြင်းမူဘက်ကိုထွက်လာတာဟုတ်တယ်။ အိမ်စီးကား Alphard ပုံစံ အဲ့ကားထဲမှာ မြင်တဲ့သူတွေကတော့ ၁၅ကောင်လောက်ပါတယ်ပြောတယ်။ ချောင်းဦးမြို့ အထွက်နားမှာ စောင့်ကြိုတိုက်ခိုက်တဲ့သဘောပါ။ သူတို့ဘက်ကဘယ်သူတွေပါတယ်။ ဘယ်ကား ကားနံပါတ်ကအစ ကားအရောင်တွေပါသေချာပြီဆို ဆော်လိုက်တော့တာပဲ ၁၀ကောင်လောက်တော့သေတယ်”ဟုပြောဆိုသည်။

စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် ၎င်းတို့ စီးနင်းလာသော ကား၏ ညာဘက်တစ်ခြမ်းပျက်စီးသွားပြီး ထိုနေရာမှ ဆက်လက်မောင်းနင်းသွားရာ ခဏအကြာတွင် ချောင်းဦးနှင့် မြင်းမူကြားရှိ ငါးယှန်ကျေးရွာအရောက်တွင် ကားထိုးထိုးရပ်သွားသည်ဟု သူကဆက်ဆိုထားသည်။

အဆိုပါ ထိုးရပ်သွားသည့် ကားထဲတွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား သယ်ဆောင်လာခြင်းဖြစ်ပြီး ကူညီပေးရန်အတွက် ငါးယုန်ကျေးရွာ ပြည်သူများထံအကူညီတောင်းခံနေသည်ဟု ဆက်သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ရက်နေ့ နံနက် ၅နာရီဝန်းကျင်တွင်လည်း ချောင်းဦးမြို့နယ် နတ်ရေကန် နှင့်ဂွေးပင်တော ကျေးရွာ ၂ခုကြားတွင် ကင်းပုန်းဝပ်ပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးကို Chaung U Local Defence Force (CHU LDF)မှ ပဒေသာမိုင်း ၄လုံးဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ထိုနေရာတွင် စစ်ကောင်စီတပ်သား ၅ဦး သေဆုံးကြောင်း CHU LDF ကထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button