သတင်း

ပေါက်တောရွာ မီးရှို့ခံရသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ပေါက်တောကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် မီးရှို့ခဲ့သောကြောင့် အနီးဝန်းကျင်ရှိ ပုဂံရွာသားများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိုအထဲတွင် လမ်းမလျှောက်နိုင်သည့် သက်ကြီးရွယ်အိုများလည်း ပါဝင်နေသည်ဟု သိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့က ပုဂံရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ပုဂံရွာတွင် ညအိပ်တပ်စွဲ နေထိုင်ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ပေါက်တောရွာသို့ ဝင်ရောက်လာ၍ ကျေးရွာအတွင်း လူနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“မြေပြင်မှာတော့ မနေ့က သက်ကြီးရွယ်အိုတွေက သုံးကြိမ် လေးကြိမ်လောက်ကိုဆေးကုပြီးမှ ခေါ်သွားရတယ်။ ဆေးဝါး ကုသပေးတဲ့ဆရာ ဆရာမတွေနဲ့ချိတ်ဆက်ပြီး လမ်းကြောင်းလိုက်ပေးရတာပေါ့။ ၂ ရွာ ပေါင်းကို အဲ့လိုလမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အို ခြောက်ယောက်ရှိတယ်။ သူတို့က အသက်အရမ်းကြီးတော့ လမ်းမလျှောက်နိုင်ဘူး အားအင်တွေ ပျော့သွားတဲ့ပုံစံပေါ့ အခုတော့ လုံခြုံတဲ့နေရာမှာဆေးကုနေပါတယ်”ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သက်ကြီးရွယ်အိုများသည် အသက် ၈၀ ကျော်နဲ့ ၉၀ နီးပါး ရှိသည့် သက်ကြီးရွယ်အိုများဖြစ်ပြီး ပုဂံ မှ ၄ ဦး ပေါက်တောမှ ၂ ဦး ပါဝင်‌သည်ဟု သိရသည်။

ပေါက်တောရွာသည် အိမ်ခြေ ၁၀၀ နီးပါး ရှိပြီး ယနေ့ နံနက် လူနေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ခံရခြင်း ဖြစ်သည်။

လတ်တလောတွင် ပုဂံနဲ့ ပေါက်တောရွာမှ ကျေးရွာနေ ပြည်သူပေါင်း ၁၀၀၀ နီးပါး တိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်များ ကျေးရွာတစ်ဝိုက် လှည့်လှည်နေသောကြောင့် နေအိမ်ပြန်မကပ်နိုင်သေးခြင်းဖြစ်ကြောင်း ဒေသခံများထံ မှ သိရသည်။

စစ်ကောင်စီတပ်သည် လတ်တလော ဒီပဲယင်းနယ်အတွင်း စစ်ကြောင်းနှစ်ကြောင်း ဒီပဲယင်းနဲ့မြို့နယ်ချင်းစပ် ရေဦးတွင် စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်နေသည့်အတွက် ဒီပဲယင်းအပါအဝင် ရေဦးနယ်မှ စုစုပေါင်းလေးရွာဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Show More

Related Articles

Back to top button