သတင်း

ရွှေဘို ကျားကျေးရွာ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၊ ဒေသခံ ၇ ဦး လက်နက်ကြီးထိမှန်

ရွှေဘိုမြို့နယ် ခွန်တောင်းကြီးရွာတွင် တပ်စွဲနေထိုင်သည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်များသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ နှင့် ပြည်သူများနေထိုင်သည့် ကျားကျေးရွာကို ယမန်နေ့ည ၁၂ နာရီ ဝန်းကျင်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံ ၇ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု Golden Future Revolution Force ထံမှ သိရသည်။

စစ်ကောင်စီနှင့် ပျူစောထီးများက ၆၀ မမ၊ ၈၀ မမ စသည့် လက်နက်ကြီးများဖြင့် ၅ ကြိမ်ထက် မနည်း ပစ်ခတ်ခဲ့သည့်အတွက် ကျားကျေးရွာက နေအိမ် ၄ လုံး ထိမှန်ကာ အရပ်သားပြည်သူ ၇ဦး လက်နက်ကြီး ထိမှန် ဒဏ်ရာရ ခဲ့သည်ဟု GFRF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့က ရည်ရွယ်ချက်ရှိရှိကို ပစ်သွားတာ အိမ်လေးအိမ်လောက်ထိခိုက်မူရှိမယ်။ အိမ်တစ်အိမ်ကတော့ တော်တော်လေး ပျက်စီးသွားတယ် တစ်ခြားအိမ်တွေတော့ နည်းနည်းပါးပါးပျက်စီးသွားတယ် လူကတော့ ၇ယောက်ထိတယ်။ ကျနော်တို့မျက်မြင်တွေ့ခဲ့တာက အမျိုးသမီးသုံးယောက် တစ်ယောက်က ခေါင်းမှာထိထားတယ် ကျန်တဲ့သူတွေကတော့ ဒဏ်ရာမကြီးဘူး ဒါ‌ပေမယ့်လက်မောင်းတွေမှာတော့ ပတ်တီးတွေနဲ့ပေါ့” ဟု GFRF မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိခိုက် ဒဏ်ရာရရှိခဲ့သူများကို ဆေးကုသရန် ကျန်းမာရေးစောင့်ရှောက်သော အဖွဲ့အစည်းများနှင့် ချိတ်ဆက် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရရှိသူ အများစုသည် အသက် ၄၀ ခန့် ရှိသူများဖြစ်ပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၄ ဦးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့ကလည်း ခွန်တောင်းကြီးရွာမှ ပျူစောထီးအဖွဲ့၏ အလစ်အငိုက် တိုက်ခိုက်မှုကြောင့် ကျားကျေးရွာမှ ဒေသကာကွယ်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့ရသည်။

ခွန်တောင်းကြီးကျေးရွာသည် အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး ကျားကျေးရွာ နှင့် ၂မိုင်ခန့်သာ ကွာဝေးသည်ဟု သိရသည်။

Show More

Related Articles

Back to top button