တိုက်ပွဲသတင်း

မိုင်းခေါင်ကျေးရွာအနီး စစ်ကောင်စီတပ်ကို KIA မိုင်းဆွဲ တိုက်ခိုက်

မံစီမြို့နယ် (Manje) မိုင်းခေါင်ကျေးရွာအနီးတွင် ယနေ့ မွန်းလွဲပိုင်း ၁ နာရီခန့်က စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယနေ့ မဂျီဂုန် စစ်တပ်ဗျူဟာကုန်းမှ ဆင်းလာသော စစ်ကောင်စီကား ၂ စီး နှင့် အင်အား ၁၀၀ ကျော်ပါသော စစ်ကြောင်းကို မိုင်းခေါင် နှင့် ဟန်ထက်ကြားတွင် KIA မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း မိုင်းခေါင်ဒေသခံတစ်ဦး က KNG ကို ပြောသည်။

“ခဏက ၁ နာရီလောက်ကပဲ မဂျီဂုန် စစ်တပ်ဗျူဟာကုန်းကနေ ဆင်းလာတာချိန် မိုင်းခေါင်နဲ့ ဟန်ထက်ကြားမှာ မိုင်းခွဲခံရတာဟုတ်တယ်။ အဲ့မှာ စစ်ကား ၂ စီးပါတယ်။ ကားထဲမှာတော့ စစ်သားတွေမပါဘူး။ ပစ္စည်းတွေပဲပါတယ်။ ထိခိုက်မှု ဘယ်လိုရှိတယ်တော့ အသိအကျမသိဘူး။” ဟု ပြောသည်။

မိုင်းခေါင် နှင့် ၅ မိုင်အကွာတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နာရီဝက်ခန့် လက်နက် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ထိုနေရာအနီး လယ်ခင်းတွင် အလုပ်လုပ်နေသော ဒေသခံအမျိုးသားတစ်ဦး လက်နက်ထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်နက် ထိမှန်သူ၏အကြောင်း အသေးစိတ်ကို မသိရသေးပါ။

ထိုစစ်ကြောင်းသည် ပြီးခဲ့သည့်အပတ်က မံစီမြို့မှ မဂျီဂုန်ဗျူဟာကုန်းသို့ စစ်အင်အားနှင့် ရိက္ခာသွားရောက်ပို့ဆောင်ပြီး ယနေ့အပြန်လမ်းတွင် မိုင်းခွဲတိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

မံစီမြို့နယ် မိုင်းခေါင်ကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီဘက်မှ ဖြတ်သန်းသွားလာမှု ပုံမှန်ပြုလုပ်နေပြီး KIA ဘက်မှလည်း မိုင်းခွဲ တိုက်ခိုက်မှုများကို ပြုလုပ်လေ့ရှိကြောင်း ဒေသခံများ ထံမှ သိရသည်။

Show More

Related Articles

Back to top button