သတင်း

လွယ်ဂျယ်တွင် လူကြီးချင်း ရန်ဖြစ်ခဲ့သည့် အညှိုးကြောင့် ကလေး လူသတ်မှု ဖြစ်ပွား

ကချင်ပြည်နယ်၊ တရုတ် – မြန်မာနယ်စပ် လွယ်ဂျယ်မြို့တွင် လူကြီးချင်း ရန်ဖြစ်ခဲ့သည့် ရန်ညှိုးကြောင့် ကလေးလူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကလေးလေးက ၅ နှစ်တောင် မပြည့်သေးဘူး။ သတ်ပစ်လိုက်ပြီ။ သေသွားပြီ။” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထွက်ပြေးသွားသော တရားခံဟု ယူဆရသည့် အသက် ၃၀ ကျော် အရွယ်အမျိုးသားကို ယမန်နေ့ ဇူလိုင် ၁၁ ရက်နေ့ နေ့လည်တွင် လွယ်ဂျယ် – ဗန်းမော်လမ်း၊ ကျောက်စခန်းအနီးတွင် ဖမ်းဆီးရမိခဲ့ပြီး လွယ်ဂျယ် ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခဲ့ရာ ယနေ့ မနက်မှ ထိုသူက ကလေးကို သတ်ဖြတ် အလောင်းဖုံးခဲ့သည့်နေရာ လိုက်ပြခဲ့ရာမှ သေဆုံးအလောင်း တွေ့ရှိခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ကျနော်တို့က ဓာတ်ပုံကို ဂိတ်တွေကို ပို့ထားတယ်။ ကျောက်စခန်းမရောက်ခင်မှာ သွားတွေ့တာ။ ကလေးက ပျောက်တာ ၄ ရက် ရှိပြီ ဆိုတော့ သူယူသွားတဲ့နေ့က သူသတ်လိုက်ပြီထင်တယ်။ ၈ရက်နေ့က ခေါ်သွားတာ မနက်မှ ပြန်တွေ့တာ ဟုတ်တယ်။ ၅ ရက်ပေါ့။ အလောင်းက ပုပ်နေပြီ။ အခုက အမှုဖွင့်ထားတယ်။” ဟု သူက ရှင်းပြသည်။

တရားခံဟု ယူဆသူ အပါအဝင် သေဆုံးသွားသည့် ကလေးနဲ့ မိသားစု တို့သည် ကျောက်ဆည်မြို့မှ လွယ်ဂျယ်မြို့သို့ ကုန်တင် ကုန်ချနဲ့ ကြုံရာကျပန်း အလုပ်လုပ်ကိုင်သူများ ဖြစ်ကြကြောင်း သိရသည်။

“အရင်တုန်း က စကားများထားတဲ့ ကိစ္စနဲ့ လူကြီးကို မလုပ်ပဲနဲ့ ကလေးကို လုပ်တာ။ မကျေနပ်တာ သူ့အမေကို မကျေနပ်တာ။ ဒါပေမယ့် သူ့သမီးကို လုပ်လိုက်တာ။” ဟု ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိတွင် သေဆုံးသွားသော ကလေး အလောင်းကို ခွဲစိပ် စစ်ဆေးနိုင်ရန် မိုးမောက်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ဒါလူသတ်မှု ဆိုတော့ ရင်ခွဲစစ်ဆေးဖို့ရာ လွယ်ဂျယ်မှာကျတော့ ကျတော်တို့ လွယ်ဂျယ် ပြည်သူ့ဆေးရုံက ဆရာဝန်မရှိတဲ့အတွက် အခု ကျနော်တို့ ဒီအလောင်းကို မိုးမောက်ကို ပို့ရမှာ။” ဟု လွယ်ဂျယ်မြို့ရှိ မေတ္တာမွန် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခင်က လွယ်ဂျယ်မြို့မှာ ယခုလို ကလေးလူသတ်မှု မရှိခဲ့ ဖူးကြောင်း၊ ‌ဒေသမှာ လုံခြုံမှု ကိုစိုးရိမ်နေကြရပြီဖြစ်ကြောင်း၊ နောက်နောင် ယခုလို မဖြစ်အောင် တရားစီရင်ရာတွင် ပြစ်ဒဏ် ပြင်းပြင်းထန်ထန် ချမှတ်သင့်ကြောင်း ဒေသခံများက ပြောသည်။

Show More

Related Articles

Back to top button