မြင်းမူ တောချောင်းဦး ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် တောချောင်းဦးရွာ ရဲစခန်းကို ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်က Zero ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်များ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခဲ့ရာ ရဲ ၄ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
တောချောင်းဦးရဲစခန်းသည် မြင်းမူမြို့နှင့် သီးခြားတစ်နေရာတွင်ရှိသောကြောင့်တိုက်ခိုက်ရန်စောင့်ကြည့်နေသည်မှာ ကြာပြီဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
“သူတို့ဘက်က ၄ဦးကျတယ်ဗျ။ ပြီးတော့ အခြား၉ဦးလုံးဒဏ်ရာရတယ်ဗျ စခန်းမှာက ၁၃ယောက်ရှိတယ်လို့ပြောတယ်။ စိုးရိမ်ရဒဏ်ရာနဲ့ မစိုးရိမ်ရဒဏ်ရာပါပဲဗျ” ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက အတည်ပြုပြောကြားသည်။
အဆိုပါ ရဲစခန်းကို Zero ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်များက ပထမဆုံး အကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးမူနှင့် ဒဏ်ရာရရှိသည့် အခြေနေကို ခိုင်လုံသည့် ဒေသခံအရင်းအမြစ်များထံမှ သိရှိခဲ့ရသည်ဟု သူက ဆက်ပြောသည်။
တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ စစ်ရဟတ်ယာဉ် များဖြင့် စစ်ကူတက်လာသည့်အတွက် ပြန်လည် ဆုတ်ခွာခဲ့ရသည်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူကဆိုသည်။
တောချောင်းဦး ရဲစခန်းသည် မြင်းမူမြို့နယ် အနောက်မြောက်ဘက်တွင်တည်ရှိပြီး မြင်းမူမြို့မှ ဆိုင်ကယ်ဖြင့် ၄၅ မိနစ်ခန့် သွားလာရသော ခရီးဖြစ်သည်။