သတင်း

SNA ၏ ထုတ်ပြန်ချက်သည် လူမျိုးရေး ပဠိပက္ခဖန်တီးနေဟု စွပ်စွဲခံရသူ နှင့် KIA ပြော

ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယက ဦးသန်းဖေ အသတ်ခံရမှုနှင့် ပတ်သက်ပြီး Slg.Hkumboi Zau Aung နှင့် ဆက်နွယ်မှု ရှိသည်ဟု ရှမ်းနီအမျိုးသားများတပ်မတော် SNA ၏ ထုတ်ပြန်ချက်သည် လူမျိုးရေးပဠိပက္ခဖြစ်အောင် ပုံဖော်နေခြင်းသာဖြစ်သည်ဟု ကာယကံရှင် က ပြောသည်။

အသက် ၆၀ ဝန်းကျင်အရွယ် ဦးသန်းဖေ ကို ဇွန်လ ၂၅ရက် ညနေပိုင်း ၆ နာရီခန့်တွင် သူ၏ နေအိမ်အတွင်းသို့ လူငယ် ၂ ဦး ဆိုင်ကယ်ဖြင့်ဝင်လာပြီး ၃ ချက်ထက်မနည်း ပစ်သတ်သွားခြင်း ဖြစ်သည်။

အသတ်မခံရခင် နံနက်ပိုင်းတွင် ဦးသန်းဖေ နှင့် ဟောင်ပါး ကချင်စာပေ နှင့် ရိုးရာယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ Slg.Hkumboi Zau Awng တို့ကြား ဟောင်ပါး အုပ်စု နမ့်စပိန်း၊ တာမခန်ဒေသတွင် ကျေးရွာအဝင် ဆိုင်းဘုတ်များကို ကချင်မနောတိုင်ဖြင့် စိုက်ထူရန်ကိစ္စ နှင့် ပတ်သက်ပြီး စကားအခြေအတင် ဖြစ်ပွားခဲ့သည့်နောက် ညနေပိုင်း ၆ နာရီဝန်းကျင်တွင် ဦးသန်ဖေ ပစ်သတ်ခံလိုက်ရသည်ဟု ဇွန်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် ရှမ်းနီအမျိုးသားများ တပ်မတော် SNA ထုတ်ပြန်ထားသည်။

အသတ်ခံရသူ ဦးသန်းဖေ

သို့သော်လည်း အခင်းဖြစ်ပွားခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တွင် ဦးသန်းဖေ နှင့် Slg. Hkumboi Zau Awng တို့ကြား စကားအခြေတင် ပြောဆိုမှု မရှိခဲ့သလို အခြားရက်များတွင်လည်း အညိုးမရှိခဲ့ကြောင်း Slg.Hkumboi Zau Aung က KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။

“ဦးသန်းဖေက သူသတ်ခံရတဲ့နေ့ မနက်ပိုင်းအထိ အသိတစ်ယောက်နဲ့ ကျနော်အိမ်ကို ရောက်လာကြတယ်။ ဒါပေမယ့် အိမ်မှာ ကျနော်မရှိဘူး။ မိန်းမက ကျနော်မရှိဘူးလို့ပြောလိုက်တော့ အဲ့မှာ သူတို့နဲ့ကျနော်ခဏ ဖုန်းပြောဖြစ်ကြတယ်။ ဘယ်တော့ ပြန်လာမလဲဆိုပြီး မေးကြတော့ တနင်္လာနေ့ ကျနော်ပြန်လာမှဘဲ ပြန်လာခဲ့မယ်ဆိုပြီး ၂ယောက်သား ပြန်သွားကြတာ ဟုတ်တယ်။ ဖုန်းထဲကဆိုတော့ ဒလောက်ဘဲ ပြောဖြစ်ကြတယ်။ တခြား ထွေထွေထူးထူး ဘာမှလည်း မပြောဖြစ်ခဲ့ကြဘူး။ ည ၆ နာရီ လောက်မှာ ဦးသန်းဖေ သတ်ခံရတယ်ဆိုပြီး ပြန်ကြားခဲ့ရတယ်” ဟု ပြောဆိုသည်။

ယခုလို ဦးသန်းဖေ အသတ်ခံရခြင်းနှင့် ပတ်သက်ပြီး ရှမ်းနီအမျိုးသားများတပ်မတော် SNA မှ Slg.Hkumboi Zau Awng ကို စွပ်စွဲပြောဆိုခြင်းသည် ဒေသတွင်းအတူနေထိုင်သည့် လူမျိုး ၂ခုကြား စည်းလုံးမှုပျက်ပြားအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

“အခုသေဆုံးသွားတဲ့ သန်းဖေကလည်း ရှမ်းနီဘက်က ရိုးရာယဉ်ကျေးကော်မတီဘက်က နာယကဖြစ်တယ်။ ကျနော်လည်း ကချင်ဘက်က ရိုးရာဘက်က ဥက္ကဋ္ဌ ဖြစ်တယ်။ ၂ယောက်စလုံးက ဟိုဘက် ဒီဘက် တာဝန်ယူထားတဲ့ အပိုင်းတွေ တူကြတော့ သူတို့ဘက်က တာမခံ ဟောင်ပါးအုပ်စု ရဲ့ တာဝန်ရှိတဲ့သူတွေ ဖြစ်ကြတော့ သူတို့ဘက်က မှားယွင်း စွပ်စွဲပြောဆိုတာဖြစ်တယ်။ သူတို့ဘက်က စိတ်မကောင်းဖြစ်နေတော့ ကချင်တွေလုပ်တာဖြစ်မယ်ဆိုတဲ့ ပုံစံနဲ့ အချင်းအချင်း နားလည်မှုလွှဲမှားအောင် လုပ်တယ်လို့ပဲ မြင်တယ်” ဟု ပြောဆိုသည်။

ရှမ်းနီအမျိုးသားများတပ်မတော် SNA ၏ထုတ်ပြန်ချက်အရ ဦးသန်းဖေ သည် Slg. Hkumboi Zau Awng နှင့် စကားအခြေတင်ဖြစ်ပွားခဲ့ပြီးနောက် KIA နှင့် ဆက်နွယ်ပြီး ဦးသန်းဖေကို ပစ်သတ်လိုက်သည့်ဟု ပြောဆိုထားသည်ကို တွေ့ရသည်။

ထို့အပြင် SNA ၏ ထုတ်ပြန်ချက်တွင် ‘ယခုကဲ့သို့ လုပ်ရပ်များသည် KIA စတင်ပေါ်ပေါက်ကတည်းမှစ၍ ယနေ့အချိန်အထိ ရှမ်းနီဒေသအနှံ့အပြားတွင် ရှမ်းနီပြည်သူ လူထုများကို တရားမဲဆောင်ရွက်နေကြောင်း၊ ယခုကဲ့သို့ မတရား လုပ်ကြံသတ်ဖြတ်မှု ကို ရှမ်းနီအမျိုးသားတပ်မတော် SNA မှ လုံးဝကန့်ကွက် ရှုံ့ချကန့်ကွက်ကြောင်း’ ပါရှိသည်။

ဦးသန်းဖေ ပစ်သတ်ခံရမှု မတိုင်မှီ နံနက်ပိုင်းက သူနှင့်အတူလိုက်ပါကာ Slg. Hkumboi Zau Awng ၏ အမျိုးသမီးနှင့် တွေ့ဆုံခဲ့သော သက်သေတစ်ဦးအပါအဝင် ရှမ်းနီ စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ ဟောင်ပါးကျေးရွာမှ ရပ်မိရပ်ဖ စုစုပေါင်း ၁၀ ဦးကျော်ခန့် ပါဝင်ပြီး ဇွန်လ ၂၇ ရက်နေ့ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ စည်းဝေးမှုတွင် Slg.Hkumboi Zau Awng သည် ဦးသန်းဖေ အသတ်ခံရမှုနှင့် သက်ဆိုင်မှု မရှိကြောင်း အပြန်အလှန် ရှင်းလင်းပြောဆိုခဲ့ကြသည်ဟု သိရသည်။

SNA ၏ စွပ်စွဲမှုကို ခံရသော Slg.Hkumboi Zau Awng သည် ဖားကန့် တာမခံ ဟောင်ပါးအုပ်စု နမ့်စပိန်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး ဟောင်ပါးအုပ်စုတစ်ခုလုံး၏ ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှု ကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်သလို ကတ်သစ်လစ်အသင်းတော်၏ အမှုတော်ဆောင်တစ်ပါးလည်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ တာမခန်၊ ဟောင်ပါးနှင့် နန့်စပိန် ဒေသများတွင် ရွာအဝင်ဆိုင်းဘုတ်များစိုက်ထူရာတွင် ကချင်မနောင်တိုင်ပါရှိသော ဆိုင်းဘုတ်များ စိုက်ထူရန် ပြီးခဲ့သော ဇွန်လဆန်းပိုင်းမှစတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA က ညွန်ကြားထားသည်ဟု သိရသည်။

ဦးသန်းဖေ သတ်ခံရမှုနှင့်ပတ်သက်ပြီး ရှမ်းနီတပ်ဖွဲ့ SNA ၏ ထုတ်ပြန်ချက်သည် လူမျိုးရေးမုန်းတီးရန်အတွက် ထုတ်ပြန်ချက်သာဖြစ်သည်ဟု တာမခန်ဒေသ KIA တာဝန်ရှိသူတစ်ဦး က ယခုလို ပြောဆိုထားသည်။

“သူတို့ စွပ်စွဲနေတဲ့ Hkumboi Zau Awng က KIA နဲ့ ပတ်သက်နေတဲ့ သူလည်းမဟုတ်ဘူး။ ဒါသူတို့ တမင်သက်သက် ကချင်နဲ့ ရှမ်းကြား ပြဿနာဖြစ်အောင် လုပ်နေတာဖြစ်တယ်။ အမှန်တိုင်းပြောရရင် Hkumboi Zau Aung ကို ပြဿနာရှာနေတာ မဟုတ်ဘူး။ ကချင်လူမျိုးတွေနဲ့ ပြသနာမဖြစ်ဖြစ်အောင် လုပ်နေတာ။ ရွာအဝင်ဆိုင်းဘုတ်တွေ လုပ်ဖို့ကလည်း ကချင်မနောတိုင်နဲ့ လုပ်ဖို့ အာလုံးသဘောတူထားတာ ဟုတ်တယ်။ ဒါကိုသူတို့ သမင်သက်သက် ပြသနာရှာနေတာ” ဟု ပြောဆိုသည်။

ဦးသန်းဖေ ၏ ကိုယ်ပေါ်တွင်တွေ့ရသော သေနတ်ကျည်တောင့်သည် KIA အဖွဲ့၏ ကျည်တောင့် မဟုတ်ကြောင်း သူက ဆက်ဆိုထား သည်။

“ကျနော်တို့လည်း ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကို အသေးစိတ်လိုက်နေတာဖြစ်တယ်။ ပစ်သတ်ခံရတယ် လို့သာ ပြောတာ ဘယ်သူ လုပ်တယ်ဆိုတာကို မသိရဘူး။ ဦးသန်းဖေ သေဆုံးတာက KIA မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ KIA ရဲ့ သေနတ်ကျည် မဟုတ်ဘူး။ ကျည်ကတော့ ဝမ်းတူးတူး ခဲခေါင်းနဲ့ ဟုတ်တယ်။ ပြောချင်တာက သူတို့အချင်းအချင်းလည်းဖြစ်နိုင်တယ်” ဟု ပြောဆိုသည်။

ဦးသန်းဖေသည် ရှမ်းနီတပ် SNA နှင့် အတူ စစ်ကောင်စီတပ် နှင့် ပူပေါင်းကာ ဖားကန့် တာမခန် ဟောင်ပါး အုပ်စုတွင် ငွေကြေးကောက်ခံပေးနေသူ တစ်ဦးဖြစ်သလို စစ်ကောင်စီလက်အောက် ကျောင်းများ ဖွင့်လှစ်ရန် စည်းရုံးပေးခဲ့သော သူလည်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အလားတူ ရှမ်းနီအမျိုးသားများတပ်မတော် SNA သည်လည်း ဗန်းမောက်မြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ပါဝင်ကူညီနေသည်ဟု ဒေသခံကာကွယ်ရေးတပ်များက ပြောဆိုနေကြသည်။

ဖားကန့်မြို့နယ်တွင် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူးများ သေနတ်ပစ်သတ်ခံရမှုမှာ ယခုလအထိ ၁၀ ဦး ထက်မနည်းရှိနေပြီဖြစ်သည်။

Show More

Related Articles

Back to top button