သတင်း

အင်းတော်နယ်တွင် အရပ်သားပြည်သူ ၁၅ဦးကို စစ်ယူနီဖောင်းဝတ်ဆင်ခိုင်းကာ ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ကျေးရွာ ၅ခုမှ ဒေသခံအရပ်သားပြည်သူ ၁၅ဦးကို စစ်ယူနီဖောင်းဝတ်ဆင်ခိုင်းပြီး စစ်ကြောင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံ မှသိရသည်။

ဇူလိုင်လ ၁၂ ရက် ယမန်နေ့ ကသာမြို့နယ် ရာဇဂြိုလ်တောင်ဘက်မှ အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသည့် စစ်အင်အား ၁၀၀ ခန့်ပါရှိသော ခမရ ၃၀၉ တပ်ရင်းသည် စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ကျေးရွာတစ်လျှောက်ရှိသော အရပ်သားပြည်သူ ၁၅ ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။

“သူတို့ဖြတ်ခဲ့တဲ့ရွာတွေတစ်လျှောက်က လယ်လုပ်နေတဲ့ ပြည်သူ ၁၅ ဦးယောက် ခေါ်သွားတယ်။ တွေ့တဲ့ သူတိုင်းကို ဖမ်းခေါပြီး နားခါရွာရဲ့ ဘုန်းကြီးကျောင်းရောက်တော့ သူတို့ကိုစစ်ယူနီဖောင်းတွေ ဝတ်ခိုင်းတယ်။ မျက်မြင်တွေ့တဲ့ပြည်သူတွေပြောတာတော့ ဝတ်စုံဝတ်ခိုင်းတဲ့ချိန်ငိုနေကြတာတဲ့။ ၁၅ ယောက်ဖမ်းခံရတဲ့ထဲမှာ အသက် ၁၈ နှစ်ကနေ အသက် ၆၀ထိကိုပါတယ်။ အားလုံးကတော့ အမျိုးသားတွေပဲ”ဟုပြောဆိုသည်။

ဖမ်းဆီးခံရသည့် အရပ်သား ပြည်သူ ၁၅ဦးကို နားခါရွာမှတဆင့် နန်းကင်ဘက်သို့ ခေါ်ဆောင်သွားသည်ဟု သူဆက်ဆိုထားသည်။

“သူတို့ကို နားခါရွာမှာစစ်ဝတ်စုံဝတ်ပေးပြီး နန်းကင်ရွာကိုခေါ်သွားတယ်။ အခုနန်းကင်ရွာကနေ ဆက်ခေါ်သွားတာအရမ်းအဝေးကြီးတော့မရောက်သေးဘူး။ သံဘိုရွာမှာပဲရှိသေးတယ်။ သူတို့အဖွဲ့တွေကို ယူနီဖောင်းဝတ်ခိုင်းပြီး သေနတ်တွေ ထမ်းခိုင်းတယ်တဲ့။ ပြီးရင်ရှေ့ကနေသွားခိုင်းတယ်လို့ပြောတယ်”ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ် လူသားဒိုင်းအဖြစ် စစ်ကြောင်းထဲ ဖမ်းဆီးခေါ်ဆောင် သွားသည့် အရပ်သားပြည်သူ ၁၅ ဦးသည် ကူးဆပ်၊ ကျန်တော၊ နားနောင်၊ ကျော်ရွာနှင့် နားခါရွာစသော ကျေးရွာဒေသခံများဖြစ်ကြသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။

အင်းတော်နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ၎င်းတို့စစ်ကြောင်းထိုးလာသည့် လမ်းတစ်လျှောက် တွေ့ရှိသော ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ကာ အထမ်းသယ်ခိုင်းခြင်းနှင့် လူသားဒိုင်းပြုလုပ်ခြင်းများ မကြာခဏပြုလုပ်နေကြောင်းသိရသည်။

လတ်တလော အင်းတော်နယ်တွင် ကသာနယ်နှင့်ထီးချိုင့်နယ်တို့ဘက်မှ စစ်ကြောင်း ၂ခုဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေပြီး ထိုဒေတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ရေးတင်းမာမှုဖြစ်ပွားနေကြောင်းလည်း ဆက်လက်သိရသည်။

Show More

Related Articles

Back to top button