သတင်း

မုံရွာ-ချောင်းဦးလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့များမိုင်းဆွဲခံရကာ ၁၂ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းချထားသည့် စစ်ကောင်စီတပ်သားများနှင့် မိုင်းရှာရန်ခြေလျင်လာသည့် တပ်ဖွဲ့များကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၇နာရီ ဝန်းကျင်က Peoples Defence Force South Monywa ပြည်သူ့ကာကွယ်ရေးတပ်က ပဒေသာမိုင် ၇လုံး ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ဦး သေဆုံးသွားသည်ဟု သိရသည်။

“ပထမ ၄ကောင်က အရင်ကင်းယူတဲ့သဘောနဲ့ရောက်လာတယ်။ တဲအတွင်းမှာ ၃ ကောင် အပြင်မှာ ၁ကောင်ပါကင်းချထားတယ်။ သူတို့ကင်းယူတဲ့တဲကို အရင်ဆုံးမိုင်းဆွဲခဲ့တာပါ ၄ကောင်လုံးပြန်မထနိုင်တော့ပဲ ငရဲကိုပျော်ပျော်ကြီးဆင်းသွားပါတယ်။ ဒုတိယနောက်မှာကျန်ခဲ့တဲ့ ခြေလျင်မိုင်းရှာလာတဲ့ကောင်တွေကို ပွိင့်ပေါ်အရောက် ခွဲလိုက်တာပါ။ ဦးဆုံး၅ကောင်သေပြီး ကျန်သူတွေက ဒဏ်ရာပြင်းထန်လို့သိရပါတယ်။ နောက်မှကြားရတာတော့၃ကောင် ထပ်သေသွားတယ်လို့သိရပါတယ်” ဟု PDF South Monywa မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ စစ်ကောင်စီဘက်က အကျအဆုံးစာရင်းကို မျက်မြင်တွေ့ရှိခဲ့သော ဒေသခံများထံမှ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် PDF South Monywaမှ ရဲ ဘော်များအနေဖြင့် အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ရက်နေ့ကလည်း မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် လမ်းကြောင်းရှင်းရန်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့များကို PDF South Monywa ပြည်သူ့ကာကွယ်ရေးတပ်က ပဒေသာမိုင်း ၄လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးခဲ့သည်ဟု PDF South Monywa ကထုတ်ပြန်ခဲ့သေးသည်။

Show More

Related Articles

Back to top button