သတင်း

ရေဦး ပြည်သူ ၁၀ ဦးကျော်ကို လက်နောက်ပြန်ကြိုးသုပ်၍ ဖမ်းခေါ်သွား၊ လူနေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်အစပ် ရေဦးမြို့နယ် စည်သာ​မြေကျေးရွာမှ အရပ်သားပြည်သူ ၁၀ဦး ကျော်ကို စစ်ကောင်စီတပ် ဇူလိုင်လ ၁၂ရက်နေ့တွင် လက်​နောက်ပြန်ကြိုးတုတ်ကာ ဖမ်းဆီးခေါ်ဆောင်ပြီး ယနေ့အထိ အဆက်အသွယ်မရရှိသေးကြောင်း ဒေသခံများထံမှသိရသည်။

စည်သာမြေကျေးရွာအတွင်း ၂ရက်ခန့်အကြာ တပ်စွဲနေထိုင်ခဲ့သော စစ်ကောင်စီတပ်သည် ဇူလိုင် ၁၂ရက်နေ့တွင် ၎င်းတို့ စစ်ကြောင်း ကျေးရွာအတွင်းမှ ပြန်ထွက်လာစဉ် အရပ်သားပြည်သူ ၁၀ ဦးကျော်ခန့်ကို လက်ပြန်ကြိုးတုတ်ပြီး စစ်ကြောင်းထဲ ဖမ်းဆီခေါ်ဆောင်သွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG သတင်းဌာနကိုပြောဆိုသည်။

“သူတို့က အင်အား၆၀ လောက်ကို စည်သာမြေရွာ နားမှာလာချသွားပြီး စည်သာမြေကို ဝင်စည်းလိုက်တာ။ အဲ့မှာ အမျိုးသမီး တွေနဲ့ကလေးတွေကိုတော့ ပြန်လွတ်ပေးလိုက်ပြီးတော့ အမျိုးသားတွေကိုတော့ လက်နောက်ပြန်ကြိုးသုပ်ပြီး တော့သူတို့စစ်ကြောင်းတစ်လျှောက်ကိုခေါ်သွားတာ ဒီနေ့ထိပြန်မလွတ်သေးဘူး ဆယ်ယောက်ကျော်လောက် ဖမ်းခေါ်သွားတယ်”ဟုပြောဆိုသည်။

စစ်ကောင်စီ ဖမ်းဆီခေါ်ဆောင်သွားသည့် စည်သာမြေကျေးရွာမှ အရပ်သားပြည်သူ ၁၀ ဦးကျော်နှင့်ပတ်သက်ပြီး သတင်းအချက်အလက် အသေးစိတ်ရရှိရန် အခက်အခဲရှိနေကြောင်း သူကဆက်ဆိုထားသည်။

အဆိုပါ စစ်ကောင်စီတပ်သည် အရပ်သား ပြည်သူ ၁၀ ဦးကျော်ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် ဇူလိုင် ၁၂ရက်နေ့က အူဖြူကျေးရွာဘက်သို့ ထပ်မံ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အူဖြူကျေးရွာတစ်ခုလုံး ရွာလုံးကျွတ် မီးတင်ရှို့ခဲ့​သည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

“အူဖြူရွာက အိမ်ခြေ လေးဆယ်ကျော် ငါးဆယ်လောက် ပဲရှိတာ အကုန်ရှို့သွားတယ်။ ရွားသားတွေကတော့ စည်သာမြေရောက်ပြီဆိုကတည်းက ထွက်ပြေးကြပြီဆိုတော့ ဖမ်းဆီးမိတာမရှိခဲ့ဘူး။ အိမ်တွေကတော့အကုန်ပြောင်သွားတယ် ရွာသားတွေလည်း ခုထိပြန်မကပ်နိုင်သေးဘူး”ဟုပြောဆိုသည်။

ထိုစစ်ကြောင်းသည် ဇူလိုင် ၁၀ ရက်နေ့မှ ယနေ့အထိ တန့်ဆည်မြို့နယ်နှင့်ရေဦးမြို့နယ်အတွင်းလှည့်လှည် စစ်ကြောင်းထိုးလျက်ရှိနေပြီး ထိုဒေသတွင်ရှိသော စည်သာမြေ၊ အူဖြူ၊ ဝက်သဲ၊ မင်းမောင်းကုန်း၊ ဒူမောင်း၊ ချောင်းဆုံ၊ ချမ်းသာကျေးရွာအနီးဝန်းကျင်ရှိသော စုစုပေါင်း ၁၅ ရွာခန့်က ထွက်ပြေးတိန်းရှောင်နေရဆဲ ဖြစ်​ကြောင်း သိရသည်။

လတ်တလောတွင် ရေဦးနယ်အတွင်းစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဇူလိုင်လ ၁၀ ရက်နေ့တွင် စည်သာမြေကျေးရွာအနီး ထိတွေ့တိုက်ပွဲတစ်ကြိမ်သာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ သေဆုံးနဲ့ဒဏ်ရာရသူ ၁၀ ဦးထက်မနည်ရှိခဲ့သောကြောင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးသည့် လုပ်ရပ်များ လုပ်ဆောင်နေဆဲဖြစ်သည်ဟု ဒေသခံပြည်သူများ ပြောဆိုချက်မှသိရသည်။

လက်ရှိ စည်သာမြေကျေးရွာမှ အရပ်သား ပြည်သူ ၁၀ ဦးကျော်ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့သည် စစ်အင်အား ၆၀ ကျော်ခန့်ပါရှိပြီး ဇူလိုင်လ ၁၀ရက်နေ့တွင် ရေဦးမြို့ဘက်မှ လေယာဉ်ဖြင့် စည်သာမြေကျေးရွာအနီးတဝိုက် လာရောက်ပို့ချထားသောအဖွဲ့ဖြစ်ကြောင်းလည်း ဆက်လက်သိရသည်။

Show More

Related Articles

Back to top button