သတင်း

ချောင်းဝကျေးရွာ အသက် ၈၀ ကျော်အဖိုးအိုတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်းဝကျေးရွာရှိ လယ်ကွင်းတဲတစ်ခုတွင် အသက် ၈၀ ကျော်အဖိုးအိုတစ်ဦး သေနတ်ဒဏ်ရာဖြင့်သေဆုံးနေကြောင်း ဒေသခံများ ပြောသည်။

အသက် ၈၂ အရွယ် ဦးမောင်မောင်၏ ရုပ်အလောင်းကို ဇူလိုင်လ ၃၀ ရက် နေ့လည်ပိုင်းက ၎င်း၏ လယ်ခင်းတဲတွင် ဒေသခံများ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ညာဘက်ပခုံးမှ ဘယ်ဘက်ပခုံးအောက်အထိ ဖောက်ဝင်ထားသည့် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း အင်းတော်ကြီးဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောသည်။

“သူက သူ့လယ်တောမှာနေတာ လယ်တောစောင့်ဟုတ်တယ် အမှန်တိုင် တွေ့တာကတော့ သေနတ်ဒဏ်ရာပေါ့ ပခုံးကနေ ခါးဘက်ချိုင့်အောက်ကိုပေါက်ထွက်သွားတာ သူက ကျောင်းဆရာဟောင်းတစ်ယောက်ဟုတ်တယ် သူ့ရုပ်လောင်းကိုတော့ ဒီနေ့သဂြိုလ်မယ်” ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

ဦးမောင်မောင် သေဆုံးရသည့်အကြောင်းအရင်းကို ဒေသခံများက အသေးစိတ်မသိရှိကြသေးသည့် အပြင် KNG သတင်းဌာနအနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

“အဲ့ဘိုးတော်ကတော့ အသက်လည်းကြီးနေပြီဆိုတော့ တခြား နိုင်ငံရေး ဘာညာအရှုပ်အထွေးတော့ မရှိဘူး လယ်စောင့်လောက်ပဲ အလောင်းကိုတော့ နေ့လယ်မှာဖြစ်တာဆိုတော့ အဲ့နေ့မှာပဲတွေ့လိုက်တာ ဘယ်လိုကြောင့် သေတာတော့သေချာမသိရသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ယခုကဲ့သို့ ဒေသခံတစ်ဦး သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်ပြီး ကျူးလွန်သူများကို ကန့်ကွက်ရှုတ်ချပြီး အခြားသူများ၏ လုံခြုံရေအတွက်လည်း စိုးရိမ်မိသည်ဟု ဒေသခံများ ပြောပါသည်။

အင်းတော်ကြီး ဒေသတွင် ယခုနှစ်အတွင်း ယခုကဲ့သို့ အရပ်သားပြည်သူ သတ်ခံရခြင်းမှာ ပထမအကြိမ်ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button