သတင်း

ရေဦးနယ် တင်းတိမ်ရံကျေးရွာ၏ လူနေအိမ် ၁၀၀ ကျော်၊ ဆိုင်းခန်း ၂၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် တင်းတိမ်ရံကျေးရွာတွင် ၄ရက်ခန့်အကြာ ဝင်ရောက်တပ်စွဲခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းသည် ကျေးရွာအတွင်းရှိသော ပြည်သူပိုင်များ မီးတင်ရှို့ခဲ့သောကြောင့် လူနေအိမ်နှင့် ဆိုင်ခန်များ အများအပြား မီးရှို့ပျက်စီးသွားကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှသိရသည်။

စစ်အင်အား ၈၀ ဝန်းကျင်ခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၂၈ရက်နေ့မှ ၃၁ရက်နေ့အထိ တင်းတိမ်ရံကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲခဲ့ရာတွင် နေအိမ်၁၀၀ကျော်၊ ဆန်စက်၄လုံးနှင့် ဆိုင်ခန်း၂၀၀ကျော် မီးရှို့ဖျက်ဆီးသွားသည်ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ထံမှသိရသည်။

“သူတို့က ၂၈ရက်နေ့ ည ၇နာရီလောက်မှာ လက်နက်တွေဖောက်ပြီး ကုန်းကြီးကုန်းလမ်းဘက်ကနေ ရွာထဲကိုဝင်လာကြတယ်။ ပြီးတော့ ရွာထဲကို ဝင်ပြီးအထိုင်ချတယ်။ အဲ့ည ဝင်ဝင်ချင်းမှာပဲ ရွာကိုမီးရှို့တယု။ လေးရက်တိုင်တိုင် သူတို့မီးရှို့သွားတာ ဆိုင်ခန်းပေါင်း၂၀၀ကျော်နဲ့ နေအိမ်၁၀၀ကျော်လောက်ရှိသွားတယ်။ နောက်ပြီး ဆန်စက်၄လုံး မီးလောင်ဆုံးရှုံးသွားတယ်ဗျ”ဟုပြောဆိုသည်။

မီးလောင်ပြာကျသွားသည့် လူနေအိမ်နှင့် ဆိုင်ခန်းများ

စစ်ကောင်စီတပ် မီးတင်ရှို့ခဲ့သောကြောင့် မီးလောင်ဆုံးရှုံးသွားသော တင်းတိမ်ရံစျေးသည် ရေဦးမြို့နယ်တွင် အစည်အကားဆုံးနေရာတစ်ခုဖြစ်သည်ဟု သိရသည်။

ယခုလို စစ်ကောင်စီတပ်မှ တင်းတိမ်ရံကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာမည်ကို ဒေသခံပြည်သူများ ကြိုတင်တိမ်းရှောင်ခဲ့သည့်အတွက် ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။

သို့သော် တင်းတိမ်ရံကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်နေထိုင်ပြီး လက်ရှိတွင် ပြည်သူ ၃ ထောင်ကျော်ခန့်က မီးဘေးသင့် နေရကြောင်း ရေဦးမြို့နယ် PDF အဖွဲ့ထံမှ ဆက်လက်သိရပါသည်။

တင်းတိမ်ရံကျေးရွာတွင် ယခင်က စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်စီးမှု ကြုံတွေ့ရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ တင်းတိမ်ရံမှာက ဒီမတိုင်ခင်က တိုက်ပွဲတွေဖြစ်တာမျိုးလည်းမရှိဘူး။ အခုက အကြောင်းပြချက်မရှိဘဲ ရွာကိုမီးရှို့ခံလိုက်ရတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက ၃၁ရက်နေ့မှာ ဒီပဲယင်းဘက်ကို ပြန်ထွက်သွားကြပြီ”ဟု တင်းတိမ်ရံဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါ တင်းတိမ်ရံကျေးရွာသည် ဒီပဲယင်းမြို့နယ်အစပ်တွင်တည်ရှိပြီး ရေဦးမြို့နယ်၏ အနောက်တောင်ဘက်တွင်တည်ရှိကာ ရေဦးမြို့မှ တင်းတိမ်ရွာသို့ ဆိုင်ကယ်ဖြင့် နာရီဝက်ခန့်အကြာ မောင်းနင်းရကြောင်း သိရပါသည်။

Show More

Related Articles

Back to top button