တိုက်ပွဲသတင်း

ချောင်းဦးတွင် စစ်ကောင်စီယာဉ်တန်း တစ်ရက်အတွင်း ၂ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရကာ ၂၄ ဦး ထက်မနည်းသေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအနီး စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့ ဒေသကာကွယ်ရေးတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီ တပ်သား ၂၄ ဦး သေဆုံးခဲ့သည် (FRF CHU) ၏ ထုတ်ပြန်ချက်အရ သိရသည်။

Farmer Revolution Force (FRF CHU) မှ ယမန်နေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်တွင် ပဒေသာမိုင်း ၆ လုံးကို သုံးနေရာခွဲကာ တိုက်ခိုက်ခဲ့ပြီး ညနေပိုင်း ၄နာရီဝန်းကျင်တွင် ပဒေသာမိုင်း ၁၀ လုံးတွဲဖြင့် နောက်တစ်ကြိမ်စသဖြင့်တစ်ရက်အတွင်း နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု FRF CHU မှ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။

“မနေ့က မနက်ခင်းပိုင်းမှာ သူတို့က နမခ ဘက်ကနေလာတာ အဲ့မှာ ကျနော်တို့ကသတင်းကြိုရတာနဲ့ ညကတည်းကစောင့်ပြီး အဲ့တာကို ပဒေသာမိုင်း၆လုံးကို ပွိုင့်သုံးပွိုင့်ခွဲပြီး ဆော်လိုက်တာ ၁၉ယောက် ထက်မနည်းသေတယ်။ ဗိုလ်ကြီးတစ်ယောက်လည်းပါတယ်လို့ ညနေပိုင်းကျသတင်းပြန်ရတယ်”ဟုပြောဆိုသည်။

ထို့နောက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် ချောင်းဦးမြို့အရှေ့ဘက် စစ်ကိုင်းမှ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် သို့ လာသော စစ်ကောင်စီယာဉ်တန်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၅ဦး ထက်မနည်း ထပ်မံသေဆုံးခဲ့သည်ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ကုန်းကြောင်းမှ စစ်အင်အားဖြည့်တင်းမူများကို ပြုလုပ်သည့်အခါတိုင်း မန္တလေး-မုံရွာလမ်းမကြီး တစ်ခုတည်းကိုသာ အဓိကအသုံးပြုသည်ဟု FRF CHU ထံမှသိရသည်။

Show More

Related Articles

Back to top button