သတင်း

အင်ဝမ်းကောင့် စစ်ပြေးဒုက္ခသည်များ ဆဒုံးမြို့သို့ ရောက်ရှိ

ဝိုင်းမော်မြို့နယ် ကန်ပိုင်တည် လမ်းမပေါ် အင်ဝမ်းကောင့် (N’Wan Kawng) ကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးသွားသော ဒေသခံ ၁၀၀ ဝန်းကျင် ယနေ့ နံနက် ဆဒုံး နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းသို့ ရောက်ရှိ လာပြီဟု သိရသည်။

လက်ရှိ ထွက်ပြေးလာသော စစ်ရှောင်များအတွက် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

“အင်၀မ်းကောင် စစ်တပ်၊ ပြည်သူ့စစ် စခန်း ၄ ခု အနီးမှာရှိတဲ့ အိမ်ခြေတွေဖြစ်တယ်။ အခုဆဒုံးကို ရောက်နေပြီဆိုတော့ ယောကျာ်း၊ မိန်းမခွဲပြီး နေရာချပေးဖို့ ခက်နေတယ်။ အခုက ၁၀၀ ခန့် သူ့ဟာသူတော့ ရှိနေသေးတယ်။ ဒါပေမဲ့ ဆဒုံးမှာလည်း စစ်တပ်နှင့် အတူရှိနေတာကြောင့် တရွာလုံး ဆဒုံးဘုရားကျောင်းဝင်းပဲ စုပြုံလာနိုင်ခြေရှိတယ်။ ဘယ်မှပြေးလို့ မရဆိုတော့။ အခုအစားအသောက်နှင့် ဆေးဝါး၊ အသုံးအဆောင်ပစ္စည်း တွေ အကူအညီ လိုအပ်နေတယ်။” ဟု ၄င်းက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသော စစ်ရှောင်များထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်အများဆုံးဖြစ်ပြီး ခန့်မှန်းခြေ အိမ်ထောင်စု ၃၀ ခန့်နှင့် လူဦးရေ ၁၀၀ ဝန်းကျင်ခန့်ရှိသည်ဟု ဆိုသည်။

ကန်ပိုင်တည်လမ်းမပေါ်  ဆနားကျေးရွာအုပ်စု အင်ဝမ်းကောင့်တွင် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တပ်ဖွဲ့ စခန်းချထားသောနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယမန်နေ့ ဩဂုတ်လ ၂ ရက်နေ့ သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့ နံနက် ၁၁ နာရီခန့်မှသာ ဆဒုံးမြို့သို့ ရောက်ရှိလာသည်ဟု အင်ဝမ်းကောင့် စစ်ရှောင်ပြည်သူတစ်ဦး KNG ကိုပြောသည်။

“မနေ့ကနဲ့ မနေ့ညတော့ ရွာအပြင် တောထဲမှာ အိမ်ကို မပစ်ထားရက်လို့ ပြန်သွားလိုက်၊ စောင့်ကြည့်လိုက်နဲ့ သေနတ်သံတွေက မြည်နေ အိပ်လို့မရ၊ ဆဒုံးဘက်ကလည်း အမြန်လာမကြိုနိုင်ဖြစ်တယ်။ ဒါမဲ့ ဒီမနက်ပဲ ကား ၅ စီးလောက်နဲ့ ဆတုံးအသင်းတော်က လာကြိုပြီး အခုဘုရားကျောင်းဝင်းထဲရောက်နေပြီ။” ဟု စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

ဩဂုတ်လ ၂ ရက်နေ့ ဘွမ်တောင် ပြည်သူ့စစ် စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ မှ တိုက်ခိုက် သိမ်းပိုက်ထားပြီး ဆဒုံးရေတံခွန် တံတားတွင်လည်း တပ်စွဲထားပြီဖြစ်ဟု ဆက်လက်သိရသည်။

ဝိုင်မော်မြို့နယ် KIA  တပ်ရင်း ၃ နယ်မြေတွင် ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်နေ့မှစပြီး စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်များနှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်သည်။

Show More

Related Articles

Back to top button