သတင်း

စစ်ကိုင်း မူးကမ်းကြီးနှင့်ဆူးတပ် ရွာ ၂ခုကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် မူးကမ်းကြီးနှင့် ဆူးတပ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အဖွဲ့ ၄ခုခွဲပြီး  ပြည်သူများ၏ လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

ယမန်နေ့ နံနက်ပိုင်း ၁၁နာရီဝန်းကျင်မှစကာ ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်း လက်လှုပ်ရွာမှ မူးကမ်းကြီး နှင့် ဆူးတပ်ရွာသို့ ဝင်ရောက်လာခဲ့ပြီး ညနေ ၄နာရီဝန်းကျင်တွင် ကျေးရွာအတွင်း စတင်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးကဆိုသည်။

“မူးကမ်းကြီးရော ဆူးတပ်ဆိုတဲ့ရွာရောပေါ့။ ကျနော်တို့ကတော့ မူးကမ်းကြီးဆူးတပ်လို့တွဲခေါ်ပါတယ်။ ရွာချင်းကပ်လျှက်ပေါ့။ ပထမကမူးကမ်းကြီးကုန်းသာဘက်ကိုစရှို့တယ်။ အခုကဆူးတပ်ဘက်ကို ရှို့နေတယ်”ဟုပြောဆိုသည်။

အဆိုပါ မူးကမ်းကြီးနှင့် ဆူးတပ်ရွာ ကျေးရွာ ၂ခုတွင် ဒေသခံပြည်သူများ၏ လူနေအိမ်များကို လိုက်လံ မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ကိုင်းကံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော အဖွဲ့ဖြစ်ပါသည်။

ထို့နောက် မူးကမ်းကြီးနှင့်ဆူးတပ်ကျေးရွာကို ပြီးခဲ့သည့် ဇွန်လ၁၄ရက်နေ့ ဒီပဲယင်းမြို့နယ်တွင် အကြီးမားဆုံး မီးရှို့ခံခဲ့ရကာ နေအိမ်၁၆၈လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပါသည်။

မူးကမ်းကြီးနှင့်ဆူးတပ်ကျေးရွာတို့သည် ပြီးခဲ့သည့် သြဂုတ်လ ၆ရက်နေ့က မီးရှို့ခံခဲ့ရသည့် ကိုင်းကံကျေးရွာနှင့် ၂မိုင်ခန့်သာကွာဝေးပြီး ဆိုင်ကယ်ဖြင့်ဆိုလျှင် ၁၀မိနစ်ခန့်သာအကွာအဝေးရှိသည်ဟု ဒေသခံများကဆိုသည်။

Show More

Related Articles

Back to top button