သတင်း

မြစ်ကြီးနား ၄၂မိုင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ၂လောင်းပြိုင် လူသတ်မှုဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အင်ဂျစ်ယာန်(N Jip Yang)ကျေးရွာအုပ်စု ၄၂မိုင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျောင်းစောင့်အပါ အမျိုးသား ၃ဦး အချင်းချင်း ပျော်ပါးသောက်စားရာမှ စကားများရန်ဖြစ်ကြပြီး ၂လောင်ပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

၄၂ မိုင် အောင်မြေသစ်ရွာဘုန်းကြီးကျောင်းတွင် ကျောင်းစောင့်နေထိုင်သည့် အသက် ၅၁နှစ်အရွယ်ရှိ ဦးစိုးခေါ်သူထံ အလည်လာတဲ့ ဦးမင်းမင်းစိုး အသက် ၄၂နှစ် နှင့် ဦးမျိုးအောင်တို့ ဩဂုတ်လ ၂၈ရက်နေ့ ည ၈နာရီဝန်းကျင်မှ အရက်အတူထိုင်သောက်နေရင်း ၁၁ နာရီခန့်တွင် စကားများရန်ဖြစ်ကြရာမှ ဓားထိုးသတ်မှုဖြစ်ပွာခဲ့သည်ဟု အင်ဂျစ်ယာန်ဒေသခံ တစ်ဦး KNG ပြောသည်။

ကျောင်းက ဘုန်းကြီးက ဒီရက်ပိုင်း ခရီးသွားနေတယ်။ အဲ့မှာ ဦးစိုးကိုကျောင်းခဏ စောင့်ထားခိုင်းတယ်။ ဦးစိုးက သောက်စားတော့ ၂ယောက်က လာလည်ပြီး သောက်စားမူးယစ်ကြတယ်။ အဲ့မှာ စနောက်ရင်းနဲ့ ရန်ဖြစ်ကြတယ်လို့သိရတယ်။ မနက်မှ ဦးစိုးနဲ့ ဦးမင်းမင်းစိုးရဲ့ အလောင်းမှာ ဓားခုတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတောတွေ့ရတယ်ဟုပြောသည်။

ကျောင်းစောင့် ဦးစိုးနှင့် မင်းမင်းစိုးခေါ် သူ ၂ဦးသည် ဘုန်းကြီးကျောင်းအတွင်း ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးနေကြပြီး ၃ဦးအနက် ဦးမျိုးအောင် ခေါ်သူမှာ လက်ရှိအချိန်အထိ ထွက်ပြေး လွတ်မြောက်နေကြောင်း သိရသည်။

သေဆုံးသူ ဦးစိုးသည် ပဲခူးမြို့တွင် နေထိုင်သူဖြစ်ပြီး ဦးမင်းမင်းစိုးသည် စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သတင်းအရင်းအမြစ်ထံမှသိရသည်။

လက်ရှိ ဦးစိုးနှင့် ဦးမင်းမင်းစိုး သတ်ခံရမှုနှင့်ပတ်သက်ပြီး လွတ်မြောက်နေသည့် ဦးမျိုးအောင်အား ဖမ်းဆီးရန် မြစ်ကြီးနား ပလန နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

Show More

Related Articles

Back to top button