သတင်း

စစ်ကိုင်းနယ်ရှိ ကျေးရွာ ၂ခု မီးရှို့ဖျက်ဆီးခံရပြီး လူငယ်တစ်ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်းဒေသရှိ တောင်မြို့နှင့်တောင်ကြား ကျေးရွာ ၂ခုကို စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့များက လူနေအိမ်များကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် လူငယ်တစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှသိရသည်။

ဩဂုတ်လ ၂၉ရက်နေ့ နံနက်ပိုင်း ၆နာရီဝန်းကျင်ခန့်တွင် ကြွယ်ပုံကျေးရွာဘက်မှ စစ်အင်အား ၇၀ ဝန်းကျင်ပါရှိသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့တို့ တောင်မြို့ကျေးရွာဘက်သို့ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ကာ ကျေးရွာအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦး KNG ကို ပြောသည်။

ကြွယ်ပုံက ပျူတွေနဲ့စကစတွေက သေနတ်ဖောက်ပြီးဝင်လာတယ် နယ်မြေခံပျူ ၃ယောက်လောက်လည်းပါတယ်။ အိမ်ကောင်းတွေ‌ရွေးပြီးရှို့သွားတာ။ ပြီးရင်လူငယ်တစ်ယောက်ကိုလည်း ပစ်သတ်သွားတယ်။ သတ်ခံရတဲ့ လူငယ်က ရွာမှာကျန်နေတဲ့ သူတွေကို သွားကယ်ရင်းနဲ့ သတ်ခံလိုက်ရတယ်ဟုပြောသည်။

ပစ်သတ်ခံရသည့် လူငယ်တစ်ဦးသည် အသက် ၂၀ ဝန်းကျင်ရှိသူဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ တို့ ကျေးရွာအတွင်း အကြမ်းဖက်ဝင်ရောက်လာသဖြင့် ပြည်သူတစ်ချို့ကို ကယ်ထုတ်ရန် ပြန်လှည့်ခဲ့ရာမှ ပစ်သတ်ခံလိုက်ရကြောင်းသိရသည်။

အဆိုပါ တောင်မြို့ကျေးရွာကို မီးရှို့ဖျက်ဆီးခံရမှုတွင် လူနေအိမ်များ ၅၀ ဝန်းကျင် မီးလောင်ပျက်စီးသွားပြီး ညနေပိုင်း ၃နာရီဝန်းကျင်တွင် တောင်ကြားကျေးရွာကို ထက်မံမီးရှို့ဖျက်ဆီးခဲ့ကြပြီး တောင်ကြားကျေးရွာ၏ လူနေအိမ်ပျက်စီးမှုအခြေအနေကို အသေးစိတ်မသိရသေးကြောင်း သတင်းအရင်းအမြစ်က ဆိုသည်။

လက်ရှိ မီးရှို့ဖျက်ဆီးခံရသည့် တောင်မြို့နှင့် တောင်ကြား ကျေးရွာ ၂ခုတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ တပ်စွဲနေထိုင်လျက်ရှိနေသောကြောင့် ကျေးရွာနေပြည်သူများ နီးစပ်ရာသို့ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဆက်သိရသည်။

Show More

Related Articles

Back to top button