တိုက်ပွဲသတင်း

ထီးချိုင့် ၂ရက်ဆက်တိုက် တိုက်ပွဲတွင် စစ်ကောင်စီ စစ်ကြောင်းမှူးအပါ တပ်သား ၂၀ ကျော်ထိခိုက် သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF တို့ကြား ၂ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှ သိရသည်။

သြဂုတ်လ ၂၈ ရက်နေ့ အင်းတော်မြို့နယ် ပိန္နဲကုန်းမှ ထီးချိုင့်ဘက်သို့ တပ်ဆုတ်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ထီးချိုင့်မြို့နယ် လေသာရွာတွင် ညအိပ်ပြီး ပြန်လည်ထွက်ခွာလာစဥ် KIA နှင့် PDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ထီးချိုင့် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

လေသာရွာမှာ ညအိပ်ပြီး ၂၈ ရက်နေ့မှာ ထီးချိူင့်ဘက်ကို ပြန်ဆုတ်လာတဲ့ချိန် ပူးပေါင်းတပ်မတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာ။ တိုက်ပွဲက အနည်းဆုံး တစ်နာရီလောက်ကြာတယ်။ အဲ့မှာ သူတို့ဘက်က ၁၅ ယောက် အနည်းဆုံးသေတယ်။ ဒဏ်ရာရတာက ငါးယောက် ထမ်းဆင်နဲ့ ထမ်းသွားတာ” ဟုပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီ စစ်ကြောင်းတွင် အင်အား ၄၅ ဦးခန့်သာရှိပြီး တိုက်ပွဲတွင် စစ်ကြောင်းမှူးကိုယ်တိုင် ခြေထောက်ပြတ် ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။ ထို့အပြင် နယ်မြေရှင်းလင်းမှု ပြုလုပ်ရာတွင် နောက်ထပ် အလောင်းသုံးလောင်း ထပ်တွေ့သောကြောင့် ယင်းတိုက်ပွဲတွင် သေဆုံးသူ စုစုပေါင်း ၁၈ ဦးထက်မနည်း ရှိခဲ့ကြောင်း Tigyaing Revolution – TR မှ သိရသည်။

ထို့နောက် လေသာရွာအနီး တိုက်ခိုက်ခံရသည့် ယင်းစစ်ကြောင်းသည် ကံပေါက်ကျေးရွာဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်၍ ဝင်ရောက်ခဲ့ရာ အမျိုးသမီးတစ်ဦး၏ ဗိုက်ဝမ်းတွင် ရှပ်ထိဒဏ်ရာ (မစိုးရိမ်)ရရှိခဲ့ပြီး အမျိုးသားတစ်ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း သိရသည်။

အဲ့မှာအသက် ၄၀ ကျော်ရှိတဲ့အမျိုးသမီးသား တစ်ယောက်က သူတို့ရှေ့ရောက်လာတာ ဆိုင်ကယ်စီးပြီး တားတာမရပ်ပေး လို့ဆိုပြီးပစ်သတ်လိုက်တယ်။ သူလည်းကံပေါက်ရွာသား ဟိုအမျိုးသမီးလည်း ကံပေါက်ရွာသားပဲဟု ထီးချိုင့် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဩဂုတ်လ ၂၈ ရက်နေ့ ည ပျဥ်စုရွာတွင် ညအိပ်နေသော အဆိုပါ စစ်ကြောင်းကို ကာကွယ်ရေးတပ်များက ဝိုင်းဝန်း ပိတ်ဆို့ခဲ့ရာ မုံရွာ နမခ လေတပ် မှ Mi 35 တစ်စင်းနှင့် မြစ်ကြီးနားလေတပ်မှ ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ပျဥ်စုရွာနှင့် ကံပေါက်ရွာအနီးတွင် ဗုံးကျဲ၍ လမ်းဖွင့်ပေးခဲ့ကြောင်း Tigyaing Revolution – TR မှ ဆက်လက် သိရသည်။

၂၉ ရက်နေ့က လမ်းပွင့်သွားလို့ ထွက်လာတာ ထွက်လာတဲ့ဟာကို ပျဥ်စုရွာနဲ့ ပေါက်ကုန်းရွာကြားမှာ ထပ်ပြီးတော့မှ တိုက်ခိုက်တယ်။ အချိန်ကတော ၂နာရီပေါ့။ အဲ့မှာစစ်သားသုံးယောက်သေဆုံးတယ်။ ငါးယောက်လောက်တော့ ခြေပြတ် ပေါင်ပြတ် နဲ့သယ်သွားတာ” ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းစစ်ကြောင်းသည် တပ်မ ၈၈ လက် အောက်ခံတပ်ဖြစ်ပြီး သြဂုတ် ၃၀ ရက်နေ့တွင် ထီးချိုင့်မြို့ထဲသို့ ပြန်ဝင်သွားသည့်အတွက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခြင်းမရှိတော့ကြောင်း သိရသည်။

Show More

Related Articles

Back to top button