Fact Checkသတင်း

KIA တပ်မဟာ ၈ ဗုံးကျဲတိုက်ခိုက်ခံရပြီး KIA နှင့် PDF သေဆုံးမှု များပြားဟူသော သတင်းအမှားတစ်ပုဒ် ထပ်ပြန့်နေ

မိုးညှင်းမြို့နယ် KIA တပ်မဟာ ၈ ဌာနချုပ်ကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် KIA  လက်နက်တိုက်များ ပေါက်ကွဲဖျက်ဆီးခဲ့ပြီး KIA နှင့် PDF တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟူသော သတင်းအမှားတစ်ပုဒ်ကို ထပ်မံ ပြန့်နှံနေသည်ကို တွေ့ရသည်။

အဆိုပါအကြောင်းအရာကို Manaw Myay ဖေ့စ်ဘုတ် စာမျက်နှာတွင် ဩဂုတ်လ ၂၆ ရက်နေ့က ရေးသားဖော်ပြထားပြီး လက်ရှိအချိန်တွင် ပြန်လည် မျှဝေသူ ၂၁၁ ခု ရှိနေပြီ ဖြစ်သည်။

ဖော်ပြထားသော အကြောင်းအရာတွင် “ဗုံးကြဲတိုက်ခိုက်မှုအတွင်း KIA ဘက်မှ လက်နက်ခဲယမ်းတိုက် တလုံး၊ လူနေတဲအချို့နှင့် ခန်းမဆောင်တဲကြီး နှစ်လုံးမှာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး KIA နှင့် PDF သင်တန်းသား ၂၇ ဦး သေဆုံး၍ ၅၀ ဦးခန့်မှာ ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့တယ်” ဟု ပါရှိသည်။

အလားတူ ယခုအကြောင်းအရာကိုပင် စစ်တပ်ထောက်ခံသော ဖေ့စစ်ဘုတ် အကောင့်များစွာနှင့် “Kyaw Swar” “Ko Khant” “ဒလန်မောင်ဘုန်းအစရှိသည့် Telegram အကောင့်များတွင်လည်း အကျယ်တဝင့် ရေးသားဖော်ပြနေကြသည်ကို တွေ့ရသည်။

သို့သော်  Manaw Myay ဖေ့စ်ဘုတ်တွင် ဖော်ပြထားသော အကြောင်းအရာများမှာ သတင်းအမှား တစ်ခုသာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တိုက်ပွဲ အကြောင်းအရာနှင့်ပတ်သက်ပြီး ရှေ့တန်း KIA တာဝန်ရှိသူကို Kachin News Group သတင်းဌာနမှ ဩဂုတ်လ ၂၄ ရက်နေ့ ဆက်သွယ် မေးမြန်းရာ မနေ့ည လာပစ်တာက နေရာမှာ ဟုတ်တယ်။ တစ်နေရာမှာ ၂စီးစီနဲ့ လာပစ်တယ်။ မိုးတားဘက် လာပစ်တယ်။ နောက် တပ်မဟာ လာပစ်သွားတယ်။ သူတို့လာပစ်တဲ့ အချိန်ကလည်း သိပ်မကွာကြဘူး။ အဓိကတော့ KIA နှင့် PDF ရှိတယ်လို့ထင်တဲ့ နေရာတွေမှာ လိုက်ပစ်ပုံရတယ်။ ထိခိုက်မှုက မရှိဘူးလို့ KIA အရာရှိ တစ်ဦးက ပြောသည်။

ထို့အပြင် အသုံးပြုထားသော ဓာတ်ပုံ တစ်ပုံမှာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)  ဝိုင်းမော်မြို့နယ် လိုင်ဖောင်တပ်စခန်းကို သိမ်းပိုက်စဉ်က အောင်ပွဲခံစဉ် က ဓါတ်ပုံဟောင်းဖြစ်ပြီး နောက်ထပ် ဓါတ်ပုံ အဟောင်းတစ်ခုမှာလည်း ဧရာဝတီသတင်းဌာန၏ (https://burma.irrawaddy.com/) ၂၀၁၇ ခုနှစ် ဇန်နဝါရီလ  ရက်နေ့ ဖော်ပြချက်တွင် တွေ့နိုင်မည်ဖြစ်သည်။

ထို့ကြောင့် Manaw Myay ဖေ့စ်ဘုတ်အကောင့်၏ ဖော်ပြချက်သည် ပုံဟောင်းများဖြင့် ပရိသတ်ယုံကြည်မှုရအောင် ပြုလုပ်ထားသော သတင်းအမှားတစ်ခုသာ ဖြစ်သည်။

စာဖတ် ပရိတ်သတ်များအနေဖြင့် သတင်းများကို ဖတ်ရှုရာတွင် သက်ဆိုင်ရာ ဒေသအလိုက် သတင်းမီဒီယာများ၏ ဖော်ပြချက်ဖြင့် စစ်ဆေးကာ ယုံကြည်သင့်ပါသည်။

Show More

Related Articles

Back to top button