စစ်ပြေးဒုက္ခသည်များသတင်း

ဆယ်ဇင်းစစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျောအဖြစ်များလာ၍ ဆေးဝါအကူအညီများလိုအပ်နေ

ဖားကန့်မြို့နယ် ဆယ်ဇင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများ ယခုရက်ပိုင်းအတွင်း ဝမ်းပျက် ဝမ်းလျှောရောဂါအဖြစ် များလာသောကြောင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများအား ကူညီပေးနေသူများထံမှ သိရသည်။

စစ်ရှောင်လာတာ တစ်ချို့က တစ်လေကျော်လာပြီ တစ်ချို့က တစ်လပြည့်တော့မယ်။ ဒီမှာနေတာ ကြာလာတော့ ကလေးတွေ၊ အသက်ကြီးရွယ်အို ပိုင်းတွေ ဝမ်းပျက် ဝမ်းလျှော ဖြစ်တာများလာတယ်။ စခန်းတိုင်းမှာကို အယောက် ၂၀ လောက်ဖြစ်တယ်။ ဆေးဝါးတွေက လုံလောက်မှုမှရှိဘူး။ အဲ့ကြောင့် ဆေးဝါးတွေ လိုအပ်နေတယ်။ တစ်ချို့စခန်းမှာဆို ဘာဆေးမှမရှိကြတော့ဘူးဟု စစ်ရှောင်ကူညီပေးနေသော အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

ဆယ်ဇင်းစစ်ရှောင်ပြည်သူများသည် ဖားကန့် တာမခံ၊ ဟောင်ပါး၊ ခိုမ၊ နမ္မဖြစ်၊ မှော်စီဇာတို့တွင် စုစုပေါင်း စစ်ရှောင် လူဦးရေ ၈၀၀ ကျော်အထိရှိနေပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအတွက် ဦးစားပေးအဖြစ် ဆေးဝါးပစ္စည်းများ ကူညီထောက်ပံ့ပေးရန် အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

လက်ရှိတွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ခရစ်ယာန်ကျောင်းတို့ စသည့်နေရာများတွင် ခိုလှုံခွင့်ပေးထားပြီး အိမ်သာလုံလောက်မှုမရှိသည့်အတွက် ယခုလို ဝမ်းပျက် ဝမ်းလျှောများ ဖြစ်နေခြင်းရခြင်းဖြစ်သည်ဟု စစ်ရှောင်တစ်ဦးက ပြောဆိုသည်။

အခုက ဘုန်းကြီးကျောင်း၊ စားသင်ကျောင်းနဲ့ ခရစ်ယာန်ကျောင်းတွေမှာ နေရာချထားပေးတယ်။ ဒါပေမယ့် လူများတော့ အိမ်သာမလုံလောက်တာတွေ ဖြစ်နေရတယ်။ ပြီးရင် သောက်သုံးရေ မသန့်တာတွေ၊ နောက် မိုးတွင်းကာလဆိုတော့ ပိုဆိုးတယ်လို့ထင်တယ်။ ဒါကြောင့် တတ်နိုင်တဲ့သူတွေအနေနဲ့ ဆေးဝါးတွေ ကူညီပေးစေလိုပါတယ်ဟုပြောသည်။

အဆိုပါ စစ်ရှောင်ပြည်သူများအတွက် ဆေးဝါပစ္စည်းများ ကူညီပေးစေလိုပါက ဖားကန့်အခြေစိုက် လူမှုကူညီရေးအသင်းများထံသို့ ချိတ်ဆက်၍သော်လည်းကောင်း စစ်ရှောင်စခန်းများသို့တိုက်ရိုက်သွားရောက် ကူညီလျှူဒါန်းနိုင်ကြောင်းသိရသည်။  

ဆယ်ဇင်းတွင် ဩဂုတ်လ ၈ရက်နေ့မှစပြီး စစ်ကောင်စီတပ်၊ ရှမ်းနီ SNA တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ပါသည်။

ထို့ကြောင့် ပြည်သူများ၏ လူနေအိမ် ၆၀၀ ကျော် မီးပြာကျသွားပြီး လက်ရှိအချိန်အထိ ဆယ်ဇင်းဒေသခံများ ဖားကန့် မြို့ဘက်သို့ စစ်ဘေးရှောင်နေရဆဲသည်။

Show More

Related Articles

Back to top button