သတင်း

ကျွန်းလှနယ်တွင် တစ်ပတ်အတွင်း လူနေအိမ် ၂၄၀ ဝန်းကျင် မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်တွင် တစ်ပတ်အတွင်း ကျေးရွာ ၅ ရွာမှ လူနေအိမ်ပေါင်း ၂‌၄၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံ သတင်းအရင်းအမြစ်ထံမှသိရသည်။

ဩဂုတ်လ ၂၃ရက်နေ့မှစကာ စစ်အင်အား ၂၀၀ ဝန်းကျင်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ကျွန်းလှမြို့နယ် အနောက်တောင်ဘက်နှင့် နောက်မြောက်ဘက်ခြမ်းဘက်သို့ စစ်ကြောင်း ၂ခုဖြင့် ဝင်ရောက်လာပြီး ကုန်းစည်း၊ တည်ပင်ဆိပ်၊ အင်းလျားရှည်၊ အိမ်ခြေ၊ ရွာကြီးကုန်း စသော ကျေးရွာ ၅ခု မီးရှို့ ဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦး ပြောဆိုသည်။

ထိတွေ့တိုက်ပွဲဖြစ်တာမရှိဘူး။ သူတို့က တစ်ရွာပြီး တစ်ရွာ စစ်ကြောင်းထိုး မီးလိုက်ရှို့နေတာ။ ခုလောလောဆယ်ထိ အဲ့ရွာ ၅ရွာ အပြင် နီးစပ်တဲ့ရွာတွေကလည်း ပြည်သူတွေလည်း ထွက်ပြေးနေရတယ်ပြောသည်။

စစ်ကောင်စီ မီးရှို့ဖျက်ဆီးလိုက်သည့် တည်ပင်ရွာမှ အိမ် ၂လုံး၊ အိမ်ခြေရွာမှ ၁၀၅လုံး၊ အင်းလျားရှည် နေအိမ် ၁၇လုံး၊ ရွာကုန်းကြီး ၅၃လုံး၊ ကုန်းစည်းရွာ ၅၉လုံး စုစုပေါင်း အိမ်ခြေ ၂၃၆ အိမ်အထိရှိကြောင်းသိရသည်။

ထို့အပြင် ယနေ့နံနက်ပိုင်း ၁၁နာရီဝန်းကျင်တွင် ကျွန်းလှမြို့နယ် အနောက်တောင်ဘက် မော်တုံကျေးရွာတွင် ၄ရက်ခန့်အကြာ တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ် စစ်ကြောင်းက မော်တုံရွာအနီးရှိ ပေပင်ကျေးရွာကို ထပ်မံ မီးရှို့ဖျက်ဆီးသွားကြောင်းဆက်သိရသည်။

သို့သော် စစ်ကောင်စီတပ်ဖွဲ့များ ပေပင်ချောင်း ကျေးရွာအတွင်းရှိနေသေးတာကြောင့် အိမ်ခြေမည်မျှမီးလောင်ဆုံးရှုံးခဲ့ရသည်ကို အတည်မပြုနိုင်သေးကြောင်း ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကျွန်းလှနယ်တွင်း စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့များသည် အင်အား ၂၀၀ ထက်မနည်းရှိပြီး ဩဂုတ်လ ၂၃ ရက်နေ့ စစ်ရဟတ်ယာဉ်ဖြင့် လာရောက်ပို့ဆောင်ထားသူများ ဖြစ်ကြောင်း သိရသည်။

Data for Myanmar ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်မှ အာဏာသိမ်းပြီးနောက် ယခုနှစ် ဩဂုတ်လအထိ တစ်နိုင်ငံလုံးအတိုင်းအတာတွင် နေအိမ်မီးရှို့အများဆုံးမှာ စစ်ကိုင်းတိုင်းသည် ၂၀၁၅၃ အိမ် အများဆုံးပါဝင်ကြောင်း သိရသည်။

Show More

Related Articles

Back to top button