တိုက်ပွဲသတင်း

ထီးချိုင့်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရကာ ၁၄ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ပေါင်းနက်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များ ယနေ့ နံနက် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၁၄ ဦး ထက်မနည်းသေဆုံးကာ ၆ဦး ခန့်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့နံနက် ၈နာရီဝန်းကျင် စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်ခန့်သည် ပေါင်းနက်ကျေးရွာဘက်ကို ဦးတည် ထွက်ခွာလာစဉ် အောင်သာယာရွာအကျော်အရောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပဒေသာမိုင်းများဖြင့် ၂ကြိမ်တိုင် မိုင်းဆွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အောင်သာယာရွာအကျော်မှာ ပထမဆုံး ပဒေသာမိုင်း၂လုံးနဲ့ ဧည့်ခံလိုက်တော့ ၄ကောင်လောက်တော့ကျသွားတယ်။ အဲ့တာပြီးတော့ ဒဏ်ရာရတဲ့သူတွေကို တွဲခေါ်သွားတာကိုရောမြင်လိုက်ရတယ်။ နောက်တော့ အဲ့မိုင်းကွင်းမိပြီးအနောက်ကို ပြန်ဆုတ်သွားတယ်။ ကုန်းပေါ်ထိုးတက်တဲ့အချိန် ကျနော်ဒုတိယထောင်ထားတဲ့ မိုင်းကွင်းထဲကို အယောက်၂၀ လောက်ဝင်လာတော့ ဆွဲလိုက်တာ ကုန်းပေါ်က ပြန်ဆင်းလာတာ ၅ ယောက်လောက်ပဲမြင်လိုက်တယ်။ အဲ့တာကြောင့် ၁၄ ယောက် ထက်မနည်းသေနိုင်တယ် လို့ ခန့်မှန်းပါတယ် ဟု  စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် ထီးချိုင့် PDF တပ်မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Special.9-HPDF မှ ဦးဆောင်ကာ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အတူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ထီးချိုင့်နယ် ကန်ပေါက်ရွာအနီးတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ကလည်း အင်းတော်ဘက်မှ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကြောင်း ၂ ရက်ဆက်တိုက် ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရပြီးနောက် လေယာဉ်ဖြင့် ပစ်ကူကာ ကယ်ထုတ်ရသည့် အခြေအနေ ရှိခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးအပါအဝင် ၂၀ ဦး ထက်မနည်း ကျဆုံးမှု ရှိခဲ့သည်။

ထို့အပြင် လက်ရှိတွင်လည်း ထီးချိုင့်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာလျှက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button