သတင်း

၂၁ မိုင်ဂိတ်တွင် ဖမ်းဆီးခံရသည့် ကိုစိုင်းမောင်နှင့် ကိုမျိုးကျော် ၂ဦး စစ်ကြောရေးတွင် သတ်ဖြတ်ခံရကြောင်း သတင်းထွက်ပေါ်

မြစ်ကြီးနားမြို့အထွက် ၂၁ မိုင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရသည့် ဖားကန့်လွှတ်တော်ကိုယ်စားလှယ် ကိုမျိုးကျော် နှင့် သပိတ်ခေါင်းဆောင် ကိုစိုင်းမောင် ၂ဦးကို စစ်ကောင်စီတပ်မှ သတ်ဖြတ်လိုက်ပြီဟု သတင်းများထွက်ပေါ်နေသည်ဟု သိရသည်။

ဖမ်းဆီးခံရသည့် မမုံသပိတ်ခေါင်းဆောင် အသက် ၃၇နှစ်ရွယ် ကိုစိုင်းမောင်နှင့် လွှတ်တော်ကိုယ်စားလှယ် အသက် ၃၀နှစ်ရွယ် ကိုမျိုးကျော်တို့ ၂ဦးအား စစ်ကောင်စီတပ်မှ စစ်ကြောရေးတွင် သတ်ဖြတ်လိုက်ပြီဟု သတင်းထွက်နေသည်ဟု ဖမ်းဆီးခံရသူ ၂ဦးနှင့် နီးစပ်သည့် ပြည်သူတစ်ဦးက KNG ကိုပြောသည်။

အတည်ပြုဖို့တော့ခက်နေတယ် ဖြစ်နိုင်ဖို့ကပိုများနေတယ်။ ဘာလို့လဲဆိုတော့ ကိုမျိုးကျော်က လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတယ်။ NLD ဆိုရင် စစ်ကောင်စီက အငြိုးထားပြီးတော့ စစ်ဆေးမှာပဲ။ စစ်ဆေးတဲ့အခါမှာလည်း တစ်ခြားသူတွေထက် ပိုကြမ်းမှာပဲ။ အဲ့တော့ စစ်ကြောရေးမှာ ဆုံးသွားတာက ၉၀ ရာခိုင်နှုန်းတော့ သေချာလောက်တယ်။ ပြီးရင် စိုင်းမောင်က ၂မျိုးကြားနေရတယ်။ သတ်လိုက်သလိုလို တစ်ခြားနေရာဘက် ရွှေ့ပြောင်းလိုက်သလိုလိုကြားနေရတယ်ဟုပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ကိုမျိုးကျော်နှင့် သပိတ်ခေါင်းဆောင် ကိုစိုင်းမောင်တို့ကို သတ်လိုက်ပြီဟု သတင်းထွက်ပေါ်နေသော်လည်း တဖက်တွင် စစ်ကောင်စီတပ်ဘက်မှ ဆက်စပ်သတင်းများ ဖော်ထုတ်နိုင်ရန်နှင့် ဖားကန့်ဘက်မှ အချက်အလက်များကို ဆက်လက်ဖော်ထုတ်နိုင်ရန် သီးခြားနေရာဘက်သို့ ပြောင်းရွှေ့ထားသည်ဟုလည်း ကြားနေရသည်ဟု သူကဆက်ဆိုထားသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ၂ဦးသည် NUG အစိုးရငွေတိုက်စာချုပ် နှင့် PDF ဆက်စပ်သည့် ဓာတ်ပုံများစစ်ဆေးတွေ့ရှိခဲ့သဖြင့် ဩဂုတ်လ ၁၄ရက်နေ့ မြစ်ကြီးနားမှ ဖားကန့်ဘက်သို့ ဆင်းလာစဉ် ၂၁ မိုင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့အထွက် ၂၁ မိုင် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ စစ်သားနှင့်ရဲများက သွားလာသည့် ပြည်သူများကို စစ်ဆေးရေးတင်းကြပ်ထားပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမကြာခဏ ဖမ်းဆီးခံရမှုများကြုံတွေ့နေရသည်။

Show More

Related Articles

Back to top button