မြစ်ကြီးနားတွင် စစ်ကောင်စီ သတင်းပေး ဒလန်ဟုဆိုရသည့် ဆန်ဆိုင်တစ်ခု ဖောက်ခွဲခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် အန်တီမော်အမည်ရှိ ဆန်ဆိုင်အား စစ်ကောင်စီ သတင်းပေး ဒလန်ဖြစ်သည်ဟု သတင်းထွက်ပေါ်နေသည့်အတွက် မြစ်ကြီးနား ဒလန်ရှင်းလင်းရေးအဖွဲ့မှ စက်တင်ဘာလ ၉ရက်နေ့ ညနေ ၅နာရီဝန်းကျင်တွင် ဖောက်ခွဲမှုပြုလုပ်ကာ သွားရောက်သတိပေးခဲ့ကြကြောင်း ဒလန်ရှင်းလင်းရေးအဖွဲ့ထံမှသိရသည်။

အဲ့ဆိုင်ပိုင်ရှင်က စစ်တပ်ကို သတင်းပေးလုပ်နေတာကြာပြီ။ သူ့ကြောင့် ဖမ်းခံရတဲ့ သူတွေဆို ပြီးခဲ့တဲ့ ၈လပိုင်းမှာ ၂ယောက်ရှိတယ်။ ဒီတစ်ခါက နောက်ဆုံးသတိပေးတာပါဟု ဒလန်ရှင်းလင်းရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

ဆန်ဆိုင်အတွင်းဖောက်ခွဲခံရမှုတွင် လူထိခိုက်သေဆုံးမှုမရှိသော်လည်း အသက် ၅၀နှစ်ဝန်းကျင်အရွယ်ရှိ ဆိုင်ပိုင်ရှင် အန်တီမော်သည် ဖောက်ခွဲခံရသည့် အသံကြောင့် နားထိခိုက်မှုဖြစ်သွားသည်ဟု သိရသည်။

ဆိုင်အတွင်းမှာ ပေါက်ကွဲမှုဖြစ်သွားတာ တော်တော်ကျယ်တယ်။ ပေါက်ကွဲတဲ့ အသံကြောင့် ဆိုင်ရှင်က နားမကြားရတော့ဘူး။ သိရသလောက်က ထမင်းတောင်မစားနိုင်ဘူးလို့ ပြေတယ်။ အခုကတော့ ဆေးကုသခံယူနေတယ်ဟု ပမ္မတီးဒေသခံ တစ်ဦး ပြောဆိုသည်။

မြစ်ကြီးနားတွင် ဒလန်ရှင်းလင်းရေးအဖွဲ့က မြို့ပေါ်တွင်း စစ်ကောင်စီ သတင်းပေး လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်စုံဆိုင်ပိုင်ရှင်များ၊ စားသောက်ဆိုင်များ မည်သည့် ကိုမဆို သုတ်သင်ရှင်းလင်းသွားမည်ဖြစ်သည်ဟုလည်း သတိပေးပြောဆိုထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြီးခဲ့သော ၂၀၂၁ ခုနှစ်ထက် ယခုနှစ် ၂၀၂၂ခုနှစ်တွင် စစ်ကောင်စီ သတင်းပေး ဒလန်များကြောင့် PDF အဖွဲ့များ အစုလိုက် အပြုံလိုက် ဖမ်းဆီးခံရမှု ပိုမိုများပြားလာသည်ကို တွေ့ရသည်။

Show More
Back to top button