သတင်း

ရဲစခန်း နှင့် စရဖရုံး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သည် မြစ်ကြီးနားမြို့တွင်း ရှာဖွေစစ်ဆေးမှု ပိုမိုလုပ်ဆောင်လာ

မြစ်ကြီးနားမြို့ အမှတ် (၂) ရဲစခန်း နှင့် သီတာရပ်ကွက်ရှိ စရဖရုံး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်များသည် ရပ်ကွက်များတွင် နေ့စဉ်ဆိုသလို စစ်ဆေးမေးမြန်းမှုများ ပိုမိုလုပ်ဆောင်နေသည်ဟု သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့ သီတာရပ်ကွက်ရှိ စရဖရုံး ပစ်ခတ်ခံရပြီးနောက်၊ ၉ ရက်ညတွင် အမှတ် ၂ ရဲစခန်း ထပ်မံ ပစ်ခတ်ခံ ရပြီးနောက် စက်တင်ဘာ ၁၁ ရက်နေ့တွင် ကြာရာပတီးရပ်ကွက်အတွင်း PDF လူငယ်တစ်ဦး ဖမ်းဆီးခံရလိုက်ရသည်။

“မနေ့က ကျမတို့ အိမ်လမ်းကြားက အိမ် ၁ အိမ်မှာလည်း လာဝင်ရှာတာတွေရှိတယ်။ အရပ်ဝတ်နဲ့ လူ ၂ ယောက်။ ရပ်ကွက်က လူတွေပြောတာတော့ စစ်သားတွေ ဟုတ်တယ်လို့ပြောတယ်။ ရပ်ကွက်ထဲမှာလည်း ခုနောက်ပိုင်း အရပ်ဝတ်နှင့် လူစိမ်းတွေ ပိုများလာလို့ ကျမတို့မှာ သွားရလာရတာလည်း ‌ကြောက်နေရတယ်” ဟု ကြာရာပတီးရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ရပ်ကွက် လမ်းကြားများတွင် စစ်ကားများဖြင့် ဝင်ထွက်သွားလာနေသည့်အပြင် နေအိမ်အချို့တွင်လည်း အကြောင်းမဲ့ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေ‌ကြောင်း ၎င်းက ဆက်ပြောသည်။

“ခုရက်ပိုင်း ပိုဆိုးလာတယ် စုပေါင်းရုံးဘက်က လမ်းတွေဆို တစ်ခြမ်းဖွင့်ရင် တစ်ခြမ်းက ပိတ်ထားတယ် သွားရလာရတာ အဆင်မပြေလာဘူး။ တစ်ခါတစ်လေကျရင် ဖုန်းတွေဆိုင်ကယ်တွေရော စစ်တယ်” ဟု မြစ်ကြီးနားမြို့ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် မြစ်ကြီးနားမြို့တွင် ၎င်းတို့အား သတင်းပေးရန် ဒလန်များကို ရပ်ကွက်တိုင်းတွင် ထားရှိခြင်းဖြစ်နိုင်သည်ဟု ‌သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

မြစ်ကြီးနားမြို့တွင် အာဏာသိမ်း စစ်ကောင်စီရှိနေသော အစိုးရရုံးများ မကြာခဏ ဖောက်ခွဲမှုခံနေရသည့်အပြင် NUG အစိုးရအောက် လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်များ ချိတ်ပိတ်ခံရမှုများ ပိုမိုရှိလာသည်။

Show More

Related Articles

Back to top button